ပုသိမ် ၁၃  နိုဝင်ဘာ

 

အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း (ပုသိမ်)၊ ဟိုတယ် ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ်(၄)ဆင်းပွဲ၊အမှတ်စဉ်(၅)ဖွင့်ပွဲ နှင့် အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက်(၈)နာရီ အချိန် က အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင် က အဖွင့်အမှာစကား ပြောကြားရာတွင် "နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းရရှိရေး အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ နယ်စပ်ဒေသများ တည်ငြိမ်ရေး၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသတွင် နေထိုင်သော ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသရှိ တိုင်းရင်းသား လူမျိုးများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး စတဲ့မူဝါဒ(၄)ရပ် ချမှတ်ကာ ဆောင်ရွက်လျက် ရှိကြောင်း၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ပညာ သင်ယူမှု အခွင့်အလမ်း ဆုံးရှုံးခဲ့ကြတဲ့ တိုင်းရင်းသားများအတွက် အလုပ်အကိုင် အခွင့်အလမ်း ရရှိရေး ပညာသင်ကျောင်းများ ဖွင့်လှစ် သင်ကြားပေးခြင်းဖြင့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျှက်ရှိရာ မိမိတို့တိုင်းဒေသကြီးအတွင်း မအူပင်မြို့ နှင့် ဘိုကလေးမြို့တို့တွင် လူငယ်သင်တန်းကျောင်း(၂)ကျောင်း၊လပွတ္တာမြို့တွင် စက်မှုသင်တန်းကျောင်း (၁)ကျောင်း၊ ပုသိမ်မြို့ နှင့် လပွတ္တာမြို့တို့တွင် အိမ်တွင်းမှု သင်တန်းကျောင်း(၂) ကျောင်းရှိပါကြောင်း၊ နယ်စပ်ဒေသ၏ လူ့စွမ်းအား အရင်းအမြစ်များ ဖွံဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသမီးငယ်များအား အိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာသင်ကြားပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်နိုင်ရန် ရည်ရွယ် အကောင်အထည်ဖော်လျက်ရှိကြောင်း၊ သင်တန်းတက်ရောက်မယ့် သမီးငယ်များက နိုင်ငံတော် အစိုးရရဲ့ ရည်ရွယ်ချက်နဲ့ မွန်မြတ်သောစေတနာ ကို နားလည်သဘောပေါက်ပြီး လေ့ကျင့်သင်ကြား ပေးမယ့်ပညာရပ်များကို အားကြိုးမာန်တက် လေ့လာဆည်းပူး စေလိုကြောင်း၊ သင်တန်းစည်းကမ်းကို လိုက်နာပြီး သင်တန်းဆင်းသည့်အထိ တက်ရောက်စေလိုကြောင်း၊ သင်ခန်းစာများကို ကျွမ်းကျင်တတ်မြောက်အောင် ကြိုးပမ်းသင်ယူ ကြစေလိုကြောင်း၊ အသက်မွေးဝမ်းကြောင်း ပညာများဖြင့် မိမိဘဝသာယာလှပစေရန် အပင်ပန်းခံ သင်ကြား စေလိုကြောင်း"  တိုက်တွန်း မှာကြားခဲ့သည်။

 

ထို့နောက် ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများ က ဟိုတယ်ဝန်ဆောင်မှု သင်တန်းဆင်း ကျောင်းသူများအား သင်တန်းဆင်းအောင်လက်မှတ် ပေးအပ်ချီးမြှင့်ကာ ခင်းကျင်းပြသထားသည့် သင်ထောက်ကူ ပစ္စည်းများ၊သင်ခန်းစာနမူနာ ဒီဇိုင်းလက်ရာများအား လှည့်လည် ကြည့်ရှုခဲ့ကြ သည်။

 

ဟိုတယ်ဝန်ဆောင်မှု သင်တန်းအား သင်တန်းသူ (၇၅)ဦးဖြင့်လည်းကောင်း၊ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ် သင်တန်းအား သင်တန်းသူ (၅၀)ဦးဖြင့်လည်းကောင်း၊ စုစုပေါင်း သင်တန်းသူ (၁၂၅)ဦးဖြင့် သင်တန်းကာလ ရက်သတ္တပတ် (၁၈)ပတ်ကြာ အခမဲ့ဖွင့်လှစ် သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

 

တိုးဝေဇင်(တိုင်းပြန်ဆက်)