ပုသိမ် ၁၈ ဧပြီ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အမှတ်(၆) နယ်မြေရှိ အောင်သီရိ(ကုလားကုန်း)စျေးကို လူစုလူဝေး မဖြစ်ပေါ်စေရန် ကုသိနာရုံဘုရားဝန်အတွင်းသို့ ပြောင်းရွှေ့ကာ ဧပြီ ၁၇ ရက်နေ့ မနက်ပိုင်းတွင် စတင်ဖွင့်လှစ်ရောင်းချခဲ့သည်။
ယခုဖွင့်လိုက်သောစျေးသည် ယာယီစျေးဖြစ်ပြီး စျေးရောင်းစျေးဝယ်အဆင်ပြေစေရန် ကုန်စိမ်းများကိုသာ ရောင်းချမှာ ဖြစ်ကြောင်း၊ ဆိုင်နေရာများကို ၆×၆ ပေ အကျယ် ဆိုင်နေရာ ၁၄၀ နေရာနှင့် လူသွားလမ်းကို ၆ ပေ ခြားထားကြောင်း၊ စျေးရောင်းသူနှင် စျေးဝယ်ယူများ၊ စျေးဝယ်သူများ အချင်းချင်း ၆ ပေ စီခြားပြီး စျေးရောင်း၊ စျေးဝယ်ပြုလုပ်ကြရန်ဖြစ်ကြောင်း သိရသည်။
စျေးကို နံနက် ၆ နာရီတွင် စတင်ဖွင့်လှစ်ပြီး ဝယ်ယူသူမရှိလျှင် စျေးသိမ်းကြောင်း၊ စျေးဝင်ပေါက်တွင် လက်ဆေးဘေစင်ထားရှိပြီး စျေးဝယ်လာကြသူများ လက်ဆေးရန်၊ နှာခေါင်းစည်းများ တပ်ဆင်ပြီးမှ စျေးရောင်း စျေးဝယ်ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံမောင်မောင်မြင့်(ပြန်/ဆက်)