ပုသိမ် ၁၂ သြဂုတ်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ကိုဗစ်ကာလ စီးပွားရေးပြန်လည်ကုစားရေး အစီအစဉ်အရ တိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် မေတ္တာဖောင်ဒေးရှင်းတို့ ပူးပေါင်း ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်းဆိုင်ရာ လက်သန့်ဆေးရည်ပြုလုပ်နည်း သင်တန်းကို ယနေ့ နံနက်ပိုင်းက တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန သင်တန်းခန်းမတွင် ပြုလုပ်ခဲ့သည်။
သင်တန်းတွင် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေး မှူး ဒေါ်ခင်ငြိမ်းချမ်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်ကြားပေးမည့် ဘာသာရပ်များကို ရှင်းလင်းပြောကြားပေးခဲ့သည်။ သင်တန်းတွင် လက်သန့်ဆေး၊ ဆပ်ပြာရည်၊ ရေမလို လက်သန့်ဆေးရည် ပြုလုပ်ပုံ အဆင့်ဆင့်၊ ပါဝင်ရမည့် ပစ္စည်းများအကြောင်း၊ သိရှိလိုက်နာရမည့် အချက်များနှင့် ဈေးကွက်အတွင်း တင်ပို့ရောင်းချနိုင်သည်အထိ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား သင်တန်းသူ ၃၅ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ၆ ရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် သင်တန်းတွင် လိုအပ်သော သင်ထောက်ကူပစ္စည်းများကို လည်း ပံ့ပိုးသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းထွန်းဇော်