ပုသိမ်နှင့် မိုင်းဆတ်မြို့နယ်တို့တွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော် ၁၄ ဖေဖော်ဝါရီ 


ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် CMRS ဖြင့် သတင်းပေးပို့ချက်အရ ဖေဖော်ဝါရီ ၁၁ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ပုသိမ်မြို့နယ်၊ မြင်းချောင်းကျေးရွာ ဦးတင့်ဝေ၏ သစ်စက်ဝန်းအတွင်း၊ သစ်ပုတ်ကုန်းကျေးရွာ ဦးထွန်းထွန်းဦး ခြံဝန်းအတွင်းနှင့် ငဝန်မြစ်ကမ်းဘေး ပဲ့ထောင်(၁)စီးပေါ်တို့မှ တရားမဝင် ဘောင်ဆန့်၊ လုံးပတ် သုံးပေအောက် ဘောင်ဆန့် သစ်/ခွဲသား စုစုပေါင်း (၁၅၃၅) လုံး/ချောင်း (၁၆ ဒသမ ၅၉၆၆)တန်၊ တရားခံ (၄)ဦး၊ အင်ဂျင်(၃)လုံး၊ လွှဝိုင်း (၂)ဝိုင်းနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့သည်။

 

အလားတူ ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၇ နာရီ ၄၅ မိနစ်က မိုင်းဆတ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများနှင့် နယ်မြေခံတပ်ရင်း တာဝန်ရှိသူများ ပါဝင်သောပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့နယ်၊ မိုင်းဆတ်-မိုင်းပျဉ်းသွားကားလမ်း၊ နားလည်ကျေးရွာ၏ အရှေ့မြောက်ဘက်အနီးမှ တရားမဝင် ပိတောက်စကွဲယား (၁၀၅)တုံး (၆)တန်ခန့်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး တရားခံအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ  သိရသည်။ 


မောင်မောင်မျိုး

 

123