ပုသိမ် ဒီဇင်ဘာ ၁၀

 

ပုသိမ်တက္ကသိုလ် နည်းပြသရုပ်ပြဆရာ၊ ဆရာမသစ်လွင်များ မွမ်းမံသင်တန်းဆင်းပွဲကို ယနေ့ မွန်းလွဲပိုင်းက ပုသိမ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမခန်းမ၌ ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်      ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်      ဦးတင်မောင်ဝင်းက “လောကကို  ပညာဖြင့် အလှဆင်ကြမည့် ဆရာ၊ ဆရာမများအနေဖြင့် စာကိုလည်းသင်၊ လူကိုလည်းပြင်ပေးကြရန်၊ ဝါသနာ၊ အနစ်နာ၊   စေတနာဟုသော နာ(၃)နာအပြင် ဂရုဏာဖြင့်ပေါင်းစပ်ဆောင်ရွက်ပြီး ကျောင်းသား၊ ကျောင်းသူများ၏ စံထားရမည့် စံနမူနာပြဖြစ်ရေး၊ ဆရာ၊ ဆရာမများသည် ထာဝရကျောင်းသားကြီးများဖြစ်ကြပြီး ပညာကို လေ့လာကြရန်၊ စာပေကိုလည်း မပြတ်ဖတ်ရှု့ကြရန်နှင့် တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ်များအား မွေးထုတ်ပေးမည့် ဝန်ထမ်းကောင်းများဖြစ်ကြရေး  ကြိုးစားဆောင်ရွက်ပေးကြပါဟု တိုက်တွန်းပါကြောင်း”   ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။

 

 

ထို့နောက် ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသန်းထွန်းက သင်တန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်အား သင်တန်းဆင်း သစ်လွင် ဆရာ၊ ဆရာမများက အမှတ်တရ ဂါရဝပြုလက်ဆောင် ပေးအပ်ခဲ့သည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်က သင်တန်းဆင်း လက်မှတ်၊ ဂုဏ်ပြုလက်မှတ်များနှင့် နည်းပြသရုပ်ပြဆရာ၊ ဆရာမအတွက်  ဂုဏ်ပြုငွေကျပ် (၅)သိန်းအား ပေးအပ်ကာ သင်တန်းသား၊ သင်တန်းသူများကိုယ်စား မြန်မာစာဌာန နည်းပြသရုပ်ပြဆရာမ ဒေါ်နန့်မီမီကျော်က ကျေးဇူးတင်ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

 

ယနေ့ ပုသိမ်တက္ကသိုလ်မှ နည်းပြသရုပ်ပြ ဆရာ၊ ဆရာမ(၁၁၇)ဦး သင်တန်းဆင်းခဲ့ပြီး ရက်သတ္တပတ် (၄)ပတ်ကြာ ကြာမြင့်ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း အလားတူ    ဟင်္သာတ တက္ကသိုလ်မှ (၁၀၄)ဦး၊ မအူပင်တက္ကသိုလ်မှ(၉၂)ဦးတို့ သင်တန်းဆင်းခဲ့ပြီး တိုင်းဒေသကြီး တစ်ခုလုံးအနေဖြင့်  တက္ကသိုလ်(၃)ခုမှ နည်းပြသရုပ်ပြ  ဆရာ၊   ဆရာမ(၃၁၃)ဦး သင်တန်းဆင်းခဲ့ကြောင်း သိရသည်။

ကိုတွတ်(ပြန်/ဆက်)