ပုသိမ် ၁၆ ဧပြီ
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများ သွားလာရေး အဆင်ပြေလွယ်ကူစေရန်နှင့် ကုန်စည်စီးဆင်းမှုများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ပုသိမ်တံတားအမှတ် (၂) တည်ဆောက်ရေးစီမံကိန်းအား ဆောက်လုပ် ရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ တံတားတစ် စင်းလုံးတည်ဆောက်ပြီးစီးမှု ၈၂ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်၍ ဇူလိုင်လအတွင်း ခန့်မှန်းတည်ဆောက်ပြီးစီးရန် ဆောင်ရွက်လျက်ရှိကြောင်း ပုသိမ်တံတားအမှတ် (၂) တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းခွင်မှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မဟာဗန္ဓုလလမ်းနှင့် ငဝန်မြစ်အနောက်ဘက်ကမ်းရှိ လူနေရပ်ကွက်များသို့ တိုက်ရိုက်ဆက်သွယ် ၍ တည်ဆောက်နေခြင်းဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၁၆) မှတာဝန်ယူတည်ဆောက်နေခြင်းဖြစ်ကာ တံတားသစ်တည်ဆောက်ရန်အတွက် ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈ ဒသမ ၅ ဘီလီယံအကုန်အကျခံကာ တည်ဆောက်နေကြောင်း၊ တံတားသစ် တည်ဆောက်ရေးလုပ်ငန်းပိုင်း၌ တံတားအထူးအဖွဲ့(၁၆) မှ ကျွမ်းကျင်အင်ဂျင်နီယာ ၂၀ ကျော်နှင့် ကာယဉာဏလုပ်သား ၂၀၀ ကျော်တို့ဖြင့် တည်ဆောက်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) စီမံကိန်းတာဝန်ခံအင်ဂျင်နီယာ ဒေါ်သစ်သစ်အောင်က ပြောကြားသည်။
ယခုအခါ ပုသိမ်မြို့ဘက်ကမ်းနှင့် စိန်ကုန်းဘက်ကမ်းရှိ ချဉ်းကပ်တံတားနှစ်ဖက်စလုံး ကြမ်းခင်းလောင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေပြီဖြစ်၍ လက်ရှိလူသွားလမ်းပလက် ဖောင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း၊ ပင်မတံတားသံပေါင် ၉၅ မီတာ နှစ်ခန်းတပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက် ပြီးစီးနေပြီဖြစ်သောကြောင့် မီတာ ၁၄၀ အရှည်ရှိသည့် ရေလယ်သံပေါင်ခန်းဖွင့် တစ်ခန်းနှင့် ကျန်ရှိလုပ်ငန်းများအား သင်္ကြန်ကာလ အပြီးဖြစ်သော ဧပြီ ၁၉ ရက်နောက်ပိုင်းတွင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခင်မူလ မေတ္တာဦးဆိပ်ခံတံတားဟောင်းနှင့် ပုသိမ်မြို့တစ်ဖက်ကမ်းဖြစ်သော စိန်ကုန်းဘက်ခြမ်းရှိ ရပ်ကွက်များဖြစ်သည့်အမှတ် ၉ နှင့် ၁၀ ရပ်ကွက်တို့ကို ဖြတ်သန်းတည်ဆောက်နေသော အဆိုပါ ပုသိမ်တံတားအမှတ်(၂)၏ အမျိုးအစားမှာ သံမဏိသံပေါင်ခုံးတံတား (Nielsen Arch,Cable Hanger)အမျိုးအစား ဖြစ်ပြီး တံတား၏ခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်၍ တံတားသစ်၏အရှည်မှာ စုစုပေါင်းပေ ၂၃၈၀ ရှိကြောင်း၊ ယာဉ်သွားလမ်းအကျယ် ၂၈ ပေရှိပြီး လူသွားလမ်းတစ်ဖက်လျှင် အကျယ်ငါးပေစီပါဝင်ကာ ရေလမ်းကင်းလွတ်အကျယ် ၄၁၆ ပေနှင့် အမြင့်ပေ ၆၀ ရှိကြောင်းလည်း သိရသည်။
တံတားသစ်စီမံကိန်းမှ အရှည် ၃ မိုင်နှင့် ၂ ဖာလုံအကွာတွင်တည်ရှိသော မူလပုသိမ်ကြိုးတံတား၏ ခံနိုင်ဝန် လျော့နည်းလာမှုကြောင့်လည်းကောင်း၊ ပုသိမ်မြို့၏ ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်လာသည်နှင့်အမျှ ငဝန်မြစ်၏အနောက် ဘက်အခြမ်းတွင် မြို့ပြအိမ်ရာများတိုးချဲ့ရန်လိုအပ်လာ၍လည်းကောင်း၊ ချောင်းသာနှင့် ငွေဆောင်ကမ်းခြေအပါအဝင် ဧရာဝတီတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်ရှိ ကမ်းခြေပတ် လမ်းများကို ချိတ်ဆက်သွားလာနိုင်ရန် ရည်ရွယ်၍ တည်ဆောက်နေသော ပုသိမ်တံတားအမှတ်(၂)၏ တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ စတင်ဆောင်ရွက်ရန်အတွက် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှစတင်၍ ဖောင်ဒေးရှင်းလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ကြောင်း ပုသိမ်တံတားအမှတ် (၂) တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင်မှ သိရသည်။
သတင်း- ပွင့်သစ္စာ
ဓာတ်ပုံ- စိုးမြင့်အောင်