၂၁ သြဂုတ်
ပြုလုပ်မှုကို လောကဝေါဟာရအားဖြင့် “အလုပ်”ဒေသနာ ဝေါဟာရအားဖြင့် “ကံ”ဟု ဆိုသည်။ ကောင်းသောကံကို ကုသိုလ်ဟုဆိုပြီး မကောင်းသောကံကို အကုသိုလ်ဟုဆိုသည်။ တစ်နည်းဆိုလျှင် ကောင်း သောအလုပ်သည် ကောင်းသောကံ၊ ကုသိုလ်ဖြစ်စေပြီး မကောင်းသော အလုပ်သည် မကောင်းသောကံ၊ အကုသိုလ်ဖြစ်စေသည်။ မိမိပြုလုပ်ခဲ့သောအလုပ်ကြောင့် ကောင်းကံ၊ ဆိုးကံဖြစ်ပေါ်လာရသည်။
ကံအကြောင်းကိုဖြစ်စေသည့် အလုပ်တို့ကိုပြုလုပ်ရာတွင် မှားသောအလုပ်၊ မှားသောကျင့်စဉ်သည် ရယူပိုင်ဆိုင်ခြင်း(လောဘ)ကိုဗဟိုပြုသည်။ မှန်ကန်သောအလုပ်၊ မှန်ကန်သောကျင့်စဉ်သည် လောကငြိမ်းချမ်းသာယာ ရေးအတွက် စွန့်လွှတ်ကူညီခြင်း (အလောဘ)ကို ဗဟိုပြုသည်။ ကောင်း သောအလုပ်၊ ကောင်းသောကံကိုဖြစ်စေသော ကောင်းမှုပြုခြင်းနှင့်ပတ်သက်၍ မဇ္ဈိမပဏ္ဏာသပါဠိတော် ကုက္ကုရဝတိကသုတ်၌ မြတ်စွာဘုရားက ဤသို့ဟောကြားထားသည်။
မိမိတို့ ပြုထားသောကံဟူသမျှတို့သည် အောက်ပါအုပ်စုလေးခုတွင်တစ်ခုခု၌ ပါဝင်ရသည်သာဖြစ်သည်။ (၁) အမည်းအကျိုးကိုပေးသော အမည်းကံ၊ (၂) အဖြူအကျိုးကိုပေးသောအဖြူ ကံ၊ (၃) အမည်းနှင့်အဖြူရော၍ အကျိုးပေးသောအမည်းနှင့် အဖြူရောသောကံ၊ (၄) အမည်း နှင့်အဖြူရော၍ အကျိုးမပေးသော အမည်းအဖြူမဟုတ်သောကံတို့ဖြစ်သည်။
ထိုကံလေးမျိုးတို့တွင် အမည်းကံဟူသည် ဒုစရိုက်ကံသက်သက်ဖြစ်သည်။ မကောင်းကျိုးသက်သက်ကိုသာ ပေးသည်။ အဖြူကံဟူသည် သုစရိုက်ကံသက်သက်ဖြစ်သည်။ ထိုကံသည် ကောင်းကျိုးသက်သက်ကိုသာ ပေးသည်။ အမည်းနှင့်အဖြူရောသောကံသည် မကောင်းကျိုးနှင့်ကောင်းကျိုးရော၍ ပေးသောကံဖြစ်သည်။ ဒုစရိုက်နှင့်သုစရိုက်ရောသော ကံဖြစ်သည်။ အမည်းအဖြူ မဟုတ်သောကံသည် ဝိပဿနာကံနှင့် မဂ်ကံတို့ဖြစ်သည်။ အရိယာသူတော်ကောင်းတို့သာ ဖြည့်ကျင့်ကြသည်။
ဤလူ့ဘောင်လောက၌ ပုထုဇဉ်လူသားအားလုံးတို့သည် အထက်ပါ ကံသို့မဟုတ် အထက်ပါအလုပ်သုံးမျိုးတို့အနက် တစ်မျိုးမဟုတ် တစ်မျိုးကိုလုပ်ကိုင်နေကြသည်ကို ဆန်းစစ်လေ့လာကြည့်နိုင်သည်။ လမ်းတံတား ဆောက်ခြင်းသည် ကောင်းသောအလုပ်၊ ကောင်းသောကံဖြစ်ပြီး လမ်းတံတား ဖျက်ဆီးခြင်းသည် မကောင်းသောအလုပ်၊ မကောင်းသောကံဖြစ်သည်။ မှန်ကန်သောအလုပ်ကို လုပ်ကိုင်ကြသောသူတို့သည် လောကငြိမ်းချမ်း သာယာရေးအတွက် စွန့်လွှတ်အနစ်နာခံခြင်းပြုလုပ်ကြသည်။ မှားသော အလုပ်ကိုလုပ်သူတို့သည် လောကပျက်စီးကြောင်းကို ပြုကြသည်။
မကြာသေးမီရက်ပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်သိန်းနီမြို့နယ်နှင့် ကွမ်းလုံမြို့နယ်အတွင်းရှိတံတားများ မိုင်းခွဲဖျက်ဆီးခြင်း ခံခဲ့ရသည်။ ဖျက်ဆီးခံရသောတံတားများသည် နယ်စပ်ကုန်သွယ်ရေးစခန်းများ အားထားရသောတံတား၊ တစ်နေ့လျှင် ဒေါ်လာ ၁၅ သန်းဖိုး ကုန်သွယ်မှုပြုလုပ်သော လမ်း၊ တစ်နေ့လျှင် ကားအစီးရေ ၅၀ဝ၀ ကျော်ဖြတ်သန်းသောလမ်းဖြစ်၍ ကုန်စည်စီးဆင်းမှုခေတ္တရပ်တံ့ပြီး အများပြည်သူအကျိုးစီးပွားများ ထိခိုက်နစ်နာမှုများဖြစ်ခဲ့သည်။ ယင်းကို အမြန်ဆုံး ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ ပြုသူနှင့် ဖျက်သူ၊ ကောင်းသောအလုပ်နှင့် မကောင်းသော အလုပ်၊ ကုသိုလ်ကံနှင့် အကုသိုလ်ကံတို့ကို ခွဲခြားရှုမြင်ကာ လောက ငြိမ်းချမ်းသာယာရေးအတွက် ကောင်းသောအမှုများကို ရှေးရှုဆောင်ကြဉ်း ပေးကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။
ကြေးမုံ