လွန်ခဲ့သော နှစ်ပေါင်း ၂၆၀ဝ ခန့်က ရာဇဂြိုဟ်ပြည်တွင် မြတ်စွာဘုရားရှင် သီတင်းသုံးတော်မူစဉ် ဘုရားအမည်ခံ တိတ္ထိဆရာကြီးတစ်ဦးသည် တပည့်များခြံရံလျက် ရာဇဂြိုဟ်၌ ရှိနေ၏။ ထိုစဉ် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်လိုသူတို့က မြတ်စွာဘုရားရှင် ဟောကြားသော သစ္စာလေးပါးမြတ်တရားသည် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ကြောင်း တရားအစစ်အမှန်ဖြစ်ကြောင်း သိမြင်ကြသဖြင့် မြတ်စွာဘုရားရှင် သီတင်းသုံးရာ ဝေဠုဝန်ကျောင်းတော်သို့ သွားရောက်၍ ရဟန်းပြုရန် ဆုံးဖြတ်ကြသည်။

ဘုရားရှင်ထံမသွားမီ ၎င်းတို့၏တိတ္ထိဆရာကို လိုက်ပါရန်ခေါ်ဆိုသော် လည်း ငြင်းဆန်နေ၏။ “ဆရာကြီး လောက၌ ဘုရားစစ်၊ ဘုရားမှန် ပွင့်ပေါ် နေပါပြီ၊ ဘုရားဆိုသည်ကို မျှော်လင့်နေကြသော လူတို့သည် ထိုဘုရားရှင်ထံ သွားရောက်ဖူးမြော် ပူဇော်ကြလိမ့်မည်။ ဆရာကြီး ဘဝသည် အချည်းအနှီး အနှစ်သာရမရှိ မဖြစ်ပါစေနှင့်” စသည်ဖြင့် သုံးကြိမ်တိုင်တိုင် ဖျောင်းဖျပြောဆိုကြသော်လည်း “အမောင်တို့ ဆရာကြီးလုပ်ပြီးမှ ငါတပည့်မခံလိုပြီ၊ ရှိပါစေတော့ အမောင်တို့၊ လောက၌ လူမိုက်နှင့်ပညာရှိ လူမိုက်သာများသည် မဟုတ်ပါလော၊ ပညာရှိသူများ ပညာရှိသော ဂေါတမထံ သွားကြလိမ့်မည်၊ လူမိုက်များ ငါ့ထံသို့ လာကြလိမ့်မည်” ဟု အဆုံးသတ်ပြောဆို၍ ကျောင်း၌ နေရစ်ခဲ့သည်။

လောက၌ လူမိုက်နှင့် လူလိမ္မာ၊ ပညာရှိသူနှင့် ပညာမဲ့သူ၊ ကုသိုလ်ပြုသူနှင့် အကုသိုလ်ပြုသူ၊ ကောင်းသောအမှုကို ဆောင်ရွက်သူနှင့် မကောင်းသောအမှုကို ပြုလုပ်သူဟူ၍ရှိရာ မြတ်စွာဘုရားရှင် လက်ထက်တော်ကတည်းက ပညာရှိ အသိုက်အဝန်းနှင့် လူမိုက်အသိုက်အဝန်းဟူ၍ ရှိနှင့်ပြီးဖြစ်သည်။ ထို့ကြောင့်လည်း တိတ္ထိဆရာက လူမိုက်အသင်း အပင်းတို့ရှိရန်အတွက် ပူစရာမလိုဟု ဆိုခဲ့ခြင်းဖြစ်သည်။ ပညာရှိအသိုက် အဝန်းထက် လူမိုက်အသိုက်အဝန်းက ပိုများလာ သည်။ မျက်မှောက်ကာလ တွင်မူ ဆိုဖွယ်ရာမရှိပြီ။

မြတ်စွာဘုရားရှင်သည် ဝေနေယျ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအပေါင်းတို့အား ဟောပြောဆုံးမ လမ်းမှန်ညွှန်ပြ ပေးသနားတော်မူရာ၌ သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်ရာ လမ်းကြောင်းမှန်ကိုသာမက လောကလူသား များအားလုံး ကောင်းကျိုးချမ်းသာ တိုးပွားစေမည့် ကျင့်ကြံပွားများ အားထုတ်အပ်သော အကျင့်မြတ် တရားများကိုပါ ဟောပြောပြသပေး ခဲ့ပါသည်။ ထိုသို့ဟောဖော်ညွှန်ပြသော်လည်း ကုသိုလ်ကောင်းမှုနှင့် ကောင်းကျိုးချမ်းသာတို့ကို ပြုလုပ်သူထက် အကုသိုလ် နှင့် မကောင်းမှု ပြုလုပ်ကြသူတို့များနေသည်ကို မြင်တွေ့ကြားသိရမည် ဖြစ်သည်။

လောကလူသားများ ကောင်းကျိုးအတွက် သယ်ပိုးထမ်းရွက်ကြသူ များရှိသလို လောကလူသားများ ကောင်းကျိုးကို ဖျက်ဆီးကြသူများလည်း ရှိသည်။ လူတို့အနေဖြင့် လူကလူသားကောင်းကျိုးကို မသယ်ပိုး နိုင်ပါလျှင်လည်း လောကလူသား အကျိုးကို ဖျက်ဆီးကြသူများ (လူမိုက်များ) နှင့် ဝေးစွာရှောင်ကြဉ်ရမည် ဖြစ်သည်။ လောကလူသားအကျိုးကို ဆောင်ရွက်ကြ သူများအပေါ် မုဒိတာပွားများကြရမည် ဖြစ်သည်။ လူသားအချင်းချင်း မေတ္တာတရား ထားကြရမည် ဖြစ်သည်။

တိုင်းရင်းသားပြည်သူများ ကိုယ်စိတ်နှစ်ပါး ချမ်းသာရေးအတွက် ကြိုးပမ်းအားထုတ်ရာတွင် မွန်မြတ်သော စိတ်ထားများ ထားရှိကြရမည် ဖြစ်သည်။ အားလုံးအတူပူးပေါင်းလက်တွဲပြီး တိုးတက်ကောင်းမွန်သည့် လမ်းကို လျှောက်လှမ်းကြရမည် ဖြစ်သည်။ ကွဲပြားခြားနားသည့်စိတ်၊ ဘက်ပြိုင်သည့် စိတ်မထားဘဲ တစ်ဦးအပေါ်တစ်ဦး အာဃာတစိတ်၊ ဒေါသစိတ်မထားဘဲ စေတနာ၊ မေတ္တာစိတ်ဖြင့် အတူတူခရီးဆက်သင့်ပေသည်။ လောက လူသားကောင်းကျိုးအတွက် ဆောင်ကြဉ်းကြသူများနှင့် အတူလက်တွဲ သင့်ပေသည်။

သို့ဖြစ်ရာ လောကတွင် လူမိုက်နှင့် ပညာရှိ၊ ပြုသူနှင့် ဖျက်သူ ရှိသည်မှန်သော်လည်း လောကလူသားများ ကောင်းကျိုးကို ဆောင်ကြဉ်းခြင်းသည်သာ မွန်မြတ်သောအမှုဖြစ်သည်ဟု စွဲမြဲစွာခံယူပြီး ကောင်းသောအမှု၊ ကောင်းသောလုပ်ဆောင်မှု များကို အတတ်နိုင်ဆုံး ပွားများကျင့်ကြံအားထုတ်ကြဖို့ တိုက်တွန်းပါသည်။     ။