ပုလဲ   ၉   ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင် ၊ ပုလဲမြို့နယ် ၊ ပုထိုးသာကျေးရွာ  ၊  ပညာဝေပုလ္လ စာကြည့်တိုက်၌ ဒီဇင်ဘာ ၈ရက်၊ နံနက်၁၀နာရီက ပြည်သူ့ဝန်ဆောင်မှုရုံး၏ ရွေ့လျားဝန်ဆောင်မှု လုပ်ငန်းများနှင့် အသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

85

 

အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးတင်ဌေးက မူးယစ်ဆေးဝါး အန္တရာယ်ကြိုတင်ကာကွယ်ရေး၊ လူကုန်ကူးမှု အန္တရာယ်ကြိုတင် ကာကွယ်ရေး၊ သက်ငယ်မုဒိန်းမှု မဖြစ်ပွားအောင် သတိပြု လိုက်နာရမည့် အချက်များနှင့်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်း သိကောင်းစရာများကို လည်းကောင်း ၊  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးအရာရှိ ဦးဇော်ဝင်းစိုးက စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ပေးနေမှု အခြေအနေများကိုလည်းကောင်း၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲ ရေးနှင့် စာရင်းအင်း ဦးစီးဌာန ဦးစီးအရာရှိဦးတင့်လွင်က လယ်ယာမြေဥပဒေ၊ နည်းဥပဒေ အကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်စိုးအောင်က  စိုက်ပျိုးရေ အဆင်ပြေစွာ ရယူနိုင်ရေးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများကို လည်းကောင်း၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဦးစီးအရာရှိ    ဦးဇော်မင်းဦးက မြစိမ်းရောင် ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းနှင့် သန့်ရှင်းသောသောက်သုံးရေ ရရှိရေး ဆောင်ရွက် ပေးနေမှု အခြေအနေများကို လည်းကောင်း၊ မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာန အငယ်တန်း အင်ဂျင်နီယာ( ၁ ) ဒေါ်နန်းခိုင်သဉ္ဇာ က ကျေးရွာချင်းဆက်လမ်းများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက်ပေးနေမှု အခြေအနေများကို လည်းကောင်း ချပြရှင်းလင်းခဲ့သည်။

 

5896

 

 

ထို့နောက် တက်ရောက်လာကြသူများက မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ ချပြရှင်းလင်း ဆွေးနွေးမှုများနှင့် ပတ်သတ်၍ သိရှိလိုသည့် အချက်အလက်များကို   မေးမြန်းရာ   မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးသန်းနိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်သည့် လုပ်ငန်းကဏ္ဍအလိုက် ပြန်လည် ဖြေကြားခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။

 

အလားတူ ပြည်သူ့ဝန်ဆောင်မှုရုံး၏  ရွေ့လျားဝန်ဆောင်မှု လုပ်ငန်းများကို  ပုလဲမြို့နယ် ၊ ပုပ္ပါကျေးရွာအုပ်စု၊ မောင်းတုံကျေးရွာ၊အမေရေယာဉ်နန်းဆောင်ခန်းမ၌ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ   ဦးသန်းနိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ဒေသခံပြည်သူများက သိရှိလို၍  မေးမြန်းသည့် အချက်အလက်များကို ပြန်လည်ဖြေကြား၍ အသိပညာပေး လက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။   

 

မြင့်သိန်းစိုး(ပြန်/ဆက်)