မောင်သာ(ရှေးဟောင်းသုတေသန)
လွန်ခဲ့သောနှစ် ၂၀ဝဝ ဝန်းကျင်က မြန်မာနိုင်ငံအတွင်း နေထိုင်ခဲ့ကြသည့် ပျူလူမျိုးများ၏ ဒြပ်ရှိဒြပ်မဲ့ ယဉ်ကျေးမှုများကို ပညာရှင်များနှင့် သုတေသီများက ခေတ်အဆက်ဆက် ထုတ်ဖော်နိုင်ခဲ့သဖြင့် ပျူအထောက်ထား များစွာကို တွေ့ရှိခဲ့ကြသည်။ ထို့ကြောင့် ပျူယဉ်ကျေးမှု ထွန်းကားခဲ့သည့် သရေ ခေတ္တရာ၊ ဗိဿနိုးနှင့် ဟန်လင်းတို့ကို က္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စ်ကို)က က္ဘာ့အမွေအနှစ်(World Heritage)အဖြစ် ၂၀၁၄ ခုနှစ် ဇူလိုင် ၂၂ ရက်တွင် အသိအမှတ်ပြုခဲ့သည်။ ထို့အတူ ယူနက်စ်ကိုအဖွဲ့ သည် မြန်မာ့ယဉ်ကျေးမှုနယ်မြေ ပုဂံကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၆ ရက်က မြန်မာနိုင်ငံ ၏ ဒုတိယမြောက် ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုခဲ့သည်။
နေရာဒေသတစ်ခု၊ လူမျိုးတစ်ခု၏ အတိတ်သမိုင်းကို ဖော်ထုတ်ရာတွင် သမိုင်း ပညာက စာပေမှတ်တမ်းများကို အထောက်အထားပြုကြသကဲ့သို့ ရှေးဟောင်း သုတေသနပညာကမူ တူးဖော်တွေ့ရှိမှုများကို သက်သေထူလေ့ရှိသည်။
ရှေးဟောင်းသုတေသနပညာသည် တူးဖော်ရေးလုပ်ငန်းကို အဓိက ဆောင်ရွက်ကာ ရှာဖွေတွေ့ရှိရသည့် ရုပ်ဝတ္ထုပစ္စည်းများကို မှတ်တမ်းတင်ခြင်း၊ သက်တမ်း တွက်ချက်ခြင်း၊ သုတေသနပြုလုပ်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် တွေ့ရှိချက်များကို စာတမ်း များ၊ စာအုပ်များအဖြစ် ပုံနှိပ်ထုတ်ဝေခြင်းတို့ကို ဆောင်ရွက်သည်။ မြန်မာနိုင်ငံတွင် ရှေးဟောင်းသုတေသန တူးဖော်မှုလုပ်ငန်းများကို ဗြိတိသျှတို့ အုပ်စိုးခဲ့ချိန်မှစ၍ ယနေ့တိုင် ခေတ်အဆက်ဆက် ဆောင်ရွက်ခဲ့ကြသည်။ ယင်းတူးဖော်မှုများတွင် တစ်ချိန်က လူသားများ ပြုလုပ်သုံးစွဲခဲ့သည့် အိုးများနှင့် အိုးအပိုင်းအစများကို မကြာ ခဏ တွေ့ရှိခဲ့ကြပြီး မြေအိုးများသာမက ကျောက်ထွင်းအိုးများပါ တွေ့ရှိခဲ့သည်။
ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်မှုများပြုလုပ်သည့် နေရာများတွင် ရှေး လူသားတို့ သုံးစွဲခဲ့သည့် အိုးနှင့် မီးသွေးစများကို တွေ့ရှိကြရမြဲဖြစ်သည်။ မီးသွေးစ များကို ကာဗွန် ၁၄ ဓာတ်ခွဲနည်းဖြင့် စစ်ဆေးတွက်ချက်ကာ သက်တမ်းကို ဖော်ထုတ် နိုင်သလို အိုး၊ အုတ်၊ ြွေကထည်စသော မြေ၊ ရွှံ့တို့ဖြင့် ပြုလုပ်ထားသည့် ရှေးဟောင်း ပစ္စည်းများကို(Thermoluminesence Dating) နည်းစနစ်ဖြင့် သက်တမ်း တွက်ချက်နိုင်သည်။ ဤသို့ဖြင့် ရှေးဟောင်းနယ်မြေ ဒေသများတွင် လူတို့ နေထိုင်ခဲ့ ကြသည့် သက်တမ်းများကို ဖော်ထုတ်တွက်ချက်နိုင်ပေသည်။
သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက လွန်ခဲ့သည့် နှစ် ၈၀ဝဝ က လူသားများ သည် အိုးကို အစောဆုံး သုံးစွဲခဲ့ဖွယ်ရှိကြောင်းနှင့် ဗိဿနိုး ပျူမြို့ဟောင်း တူးဖော် မှုမှ သင်္ချိုင်းအိုး၊ သိုလှောင်အိုး၊ ချက်ပြုတ်အိုး၊ စားခွက်၊ သောက်ခွက်များကို တွေ့ရှိ ခဲ့ရကြောင်း ရေးသားခဲ့သည်။
ပျူအိုးများ
မြန်မာနိုင်ငံအတွင်း ပျူယဉ်ကျေးမှု ထွန်းကားခဲ့သည့် နေရာဒေသများကို တူးဖော်မှုများဆောင်ရွက်ခဲ့ရာ မြို့ရိုးဟောင်းများ၊ အဆောက်အအုံပန္နက်များ၊ စေတီ ပုထိုးများ၊ လက်မှုအနုပညာများ၊ ဆင်းတုတော်များ၊ ရုပြွ်ကများ စသည်ဖြင့် ပျူလူမျိုး များ၏ ယဉ်ကျေးမှုပစ္စည်းများကို တွေ့ရှိခဲ့သည်။ ထို့အတူ ပျူလူမျိုးများ၏ သင်္ဂြိုဟ် မြှုပ်နှံမှုတွင် အသုံးပြုခဲ့ကြသည့် မြေအိုးများနှင့် ကြေးအိုးများကို တွေ့ရှိခဲ့သည်။
ပျူလူမျိုးများသည် လူတစ်ဦး ကွယ်လွန်ချိန်တွင် ကြွင်းကျန်သောရုပ်အလောင်းကို မီးရှို့ကာ အရိုးပြာနှင့် ကွယ်လွန်သူသုံးစွဲခဲ့သည့် အသုံးအဆောင်အချို့ကို အိုးများ အတွင်း ထည့်သွင်းမြှုပ်နှံလေ့ရှိခဲ့သည်။ ပညာရှင်များက တူးဖော်မှုများတွင်တွေ့ရှိ သည့်အိုးများကို လေ့လာစိစစ်ပြီးနောက် သာမန်ပြည်သူများသည် မြေအိုးများကို အသုံးပြုကြပြီး မင်းစိုးရာဇာများက ကျောက်အိုးများ၊ မင်းဆွေမင်းမျိုးနှင့် ချမ်းသာ ြွကယ်ဝသူများက ကြေးအိုးများကို သုံးစွဲခဲ့ကြကြောင်း ယူဆခဲ့ကြသည်။ပျူယဉ်ကျေးမှု ထွန်းကားခဲ့သည့် မြို့ဟောင်းများအနက် အကြီးဆုံးဖြစ်သည့် သရေခေတ္တရာတွင် ကျောက်ဖြင့်တည်ဆောက်ထားသည့် အဆောက်အအုံများကို မတွေ့ရှိရသော်လည်း သဲကျောက်ဖြင့်ပြုလုပ်ထားသော အရိုးအိုးများ အပါအဝင် ကျောက်ရုပြွ်ကများ၊ ကျောက်ဆစ်ရုပ်ပွားတော်များ၊ ဌာပနာတိုက်ဖုံး ကျောက်ချပ် များကို တွေ့ရှိခဲ့သည်။ ယင်းတို့အနက် မှတ်တမ်းကမ္ပည်းစာများ ရေးထိုးထားသည့် ကျောက်အိုးငါးလုံးသည် ပျူမင်းဆက်ဘုရင်များ၏ အရိုးအိုးများဖြစ်ကာ ယင်းအိုး များကို အများပြည်သူလေ့လာနိုင်ရန် သရေခေတ္တရာရှိ သီရိခေတ္တရာပြတိုက်တွင် သုံးလုံး၊ အမျိုးသားပြတိုက်(ရန်ကုန်)နှင့် အမျိုးသားပြတိုက်(နေပြည်တော်)တို့တွင် တစ်လုံးစီ ပြသထားသည်။
ဘုရားကြီးတောင်ဘက်မှ ကျောက်အရိုးအိုး လေးလုံးနှင့်အတူ ကမ္ပည်းစာမပါ သည့် ကျောက်အိုးငယ်တစ်လုံးကို ရရှိခဲ့ကာ ယင်းအိုးကို သရေခေတ္တရာပြတိုက်တွင် လေ့လာနိုင်ကြသည်။
သူရိယဝိကြမမင်း အရိုးအိုး
ကျောက်စာဝန် မစ္စတာတော်စိန်ခိုသည် သရေခေတ္တရာမြို့ဟောင်း ဘုရားကြီး တောင်ဘက် ကိုက် ၂၀ဝ အကွာမှ ကျောက်အရိုးအိုး လေးလုံးကို ၁၉၁၁ ခုနှစ်က တွေ့ရှိခဲ့သည်။ ယင်းတို့အနက် ယခုအခါ သရေခေတ္တရာရှိ သီရိခေတ္တရာပြတိုက်တွင် ပြသထားသည့် အညိုရောင် သီရိဝိကြမ ကျောက်အရိုးအိုးသည် အမြင့် ၁၀ဝ စင်တီ မီတာ၊ လုံးပတ် ၂၃၀ စင်တီမီတာနှင့် အထူ ၁၈ စင်တီမီတာ ရှိသည်။ အရိုးအိုးသည် ထုလုံးရှည်(ဆလင်ဒါ)ပုံစံရှိ၍ အပေါ်တွင် လည်တိုင်ရှိသဖြင့် မူလက အဖုံးရှိခဲ့ဟန် တူကာ အဖုံးကို မတွေ့ရှိခဲ့ချေ။ သူရိယဝိကြမမင်း အရိုးအိုးကို ပျူခေတ်အတွင်း အေဒီ ၆၈၈ ခုနှစ် ဝန်းကျင်က ပြုလုပ်ခဲ့ဟန်ရှိကြောင်း ပညာရှင်များက ခန့်မှန်းခဲ့ကြသည်။
ကျောက်အရိုးအိုးပေါ်တွင် ပျူစာတစ်ကြောင်း ရေးထိုးထားရာ ]သက္ကရာဇ် ၅၀ နှစ်၊ ၅လ၊ သူရိယဝိကြမ၊ အသက် ၆၄ နှစ်တွင် ကွယ်လွန်သည်}ဟု ပညာရှင်များက အဓိပ္ပာယ်ပြန်ဆိုခဲ့သည်။ ကျောက်စာတွင် ရေးထိုးထားသည့် သက္ကရာဇ်ကို ခရစ်နှစ် ၆၈၈ ခုနှစ်ဟု သက္ကရာဇ် ဖလှယ်ခဲ့သည်။ သူရိယဝိကြမမင်း အရိုးအိုး၏ အောက်ခြေ (အိုးဖင်)တွင် စာကြောင်း ၁၁ ကြောင်း ပါရှိပြီး မြန်မာဘာသာသို့ ပြန်ဆိုထားခြင်း မရှိသေးချေ။
ရိဝိကြမမင်း အရိုးအိုး
သရေခေတ္တရာမြို့ဟောင်း ဘုရားကြီးတောင်ဘက်မှ ရရှိခဲ့သော ကျောက်အရိုးအိုး လေးလုံးအနက် တစ်လုံးဖြစ်သည့် ဟရိဝိကြမမင်း ကျောက်အရိုးအိုးသည် အမြင့် ၉၂ စင်တီမီတာ၊ လုံးပတ် ၂၁၀ စင်တီမီတာ၊ အထူ ၃၄ စင်တီမီတာရှိသည်။ ယင်း အညို ရောင် ကျောက်အရိုးအိုးသည်လည်း ထုလုံးရှည်ပုံသ္ဌာန်ရှိကာ အဖုံး ပါရှိသည်။ ပညာရှင်များက ယင်းကျောက်အိုးကို အေဒီ ၇ ရာစု နှင့် ၈ ရာစုအတွင်း ပြုလုပ်ခဲ့ ကြောင်း ခန့်မှန်းခဲ့ပြီး ကျောက်အရိုးအိုးပေါ်တွင် ရေးထွင်းထားသည့် ပျူစာကြောင်း တစ်ကြောင်းကို ]သက္ကရာဇ် ၅၇ နှစ်၊ ၂ လ၊ ၂၄ ရက်၊ ဟရိဝိကြမ၊ အသက် ၄၁ နှစ်၊ ၇ လ၊ ၉ ရက်တွင် ကွယ်လွန်သည်}ဟု အဓိပ္ပာယ်ပြန်ဆိုခဲ့သည်။ ကျောက်အိုးပေါ်မှ သက္ကရာဇ်ကို ခရစ်နှစ် ၆၉၅ ခုနှစ်ဟု ပြန်ဆိုခဲ့သည်။ ဟရိဝိကြမ ကျောက်အရိုးအိုး ကိုလည်း သရေခေတ္တရာရှိ သီရိခေတ္တရာပြတိုက်တွင် ပြသထားသည်။
သိဟဝိကြမမင်း အရိုးအိုး
သိဟဝိကြမမင်း ကျောက်အရိုးအိုးကို ဘုရားကြီးတောင်ဘက်မှပင် ရရှိခဲ့သည်။အမြင့် ၆၂ စင်တီမီတာနှင့် လုံးပတ် ၁၅၀ စင်တီမီတာရှိသည့် ယင်းအရိုးအိုးတွင် မူလ ကျောက်အဖုံး ပါရှိသည်။ အေဒီ ၇ ရာစုနှင့် ၈ ရာစု အတွင်း ပြုလုပ်ခဲ့ကြောင်း ခန့်မှန်း သည့် ယင်းကျောက်အိုးပေါ်တွင် ရေးထွင်းထားသည့် စာကြောင်းကို ပညာရှင်များက ]သက္ကရာဇ် ၄၄ နှစ်၊ ၉ လ၊ ၂၀ ရက်၊ သီဟဝိကြမ၊ အသက် ၈၀ နှစ်တွင် ကွယ်လွန်သည်} ဟု အဓိပ္ပာယ်ပြန်ဆိုသည်။ ကမ္ပည်းစာပါ ခုနှစ်ကို ခရစ်နှစ် ၇၁၈ ခုနှစ်ဟု သက္ကရာဇ် ဖလှယ်သည်။ ယခုအခါတွင် သိဟဝိကြမ ကျောက်အရိုးအိုးကို အမျိုးသားပြတိုက် (နေပြည်တော်)၌ ပြသထားသည်။
သူရိယဝိကြမမင်း ဆွေမျိုးတော် အရိုးအိုး
သီရိခေတ္တရာ ရှေးဟောင်းသုတေသနပြတိုက်၌ ပြသထားသည့် သူရိယဝိကြမမင်း ဆွေမျိုးတော် အရိုးအိုးသည် အမြင့် ၁၀ဝ စင်တီမီတာ၊ လုံးပတ် ၂၃၀ စင်တီမီတာနှင့် အထူ ၁၈ စင်တီမီတာ ရှိသည်။ ကျောက်အိုးပေါ်မှ စာသားများသည် အနည်းငယ် မှိန်နေသော်လည်း ပညာရှင်များက ဖတ်ရှုနိုင်ခဲ့ကြကာ ]သက္ကရာဇ် ၃၀ နှစ်၊ သူရိယ ဝိကြမမင်း ဆွေမျိုးတော်များ ကွယ်လွန်သည်}ဟု အဓိပ္ပာယ်ပြန်ဆို၍ ခရစ်နှစ် ၆၆၈ ခုနှစ်ဟု သက္ကရာဇ် ဖလှယ်သည်။ ယင်းကျောက်အိုး၏ အောက်တွင် စာကြောင်း ၁၁ ကြောင်း ပါရှိသော်လည်း အလွန်မှေးမှိန်နေသဖြင့် ဖတ်ရှုပြန်ဆိုမှု မပြုလုပ်နိုင်ခဲ့ ပါချေ။
ဘုရားထောင် အရိုးအိုး
ဘုရားကြီးအနီးမှ ကျောက်အရိုးအိုး လေးလုံးကို တွေ့ရှိခဲ့ပြီး နှစ်ပေါင်း ၈၀ ကျော် အကြာ ၁၉၉၃ ခုနှစ် မတ်လ ၁၈ ရက်တွင် သရေခေတ္တရာမြို့ဟောင်းအတွင်းရှိ ဘုရား ထောင်အနီးမှ ကျောက်အိုးတစ်လုံးကို ထပ်မံရရှိခဲ့သည်။ ရှေးဟောင်းသုတေသန ဦးစီးဌာနက သရေခေတ္တရာ တူးဖော်မှုလုပ်ငန်းများ ဆောင်ရွက်စဉ် တူးဖော်မှုကုန်း အမှတ်(HMA31)မှ အရိုးအိုးဟု ယူဆရသည့် ယင်းကျောက်အိုးကို ရရှိခဲ့သည်။ကျောက်အိုးသည် အမြင့် ၁၅၀ စင်တီမီတာနှင့် လုံးပတ် ၂၆၀ စင်တီမီတာရှိကာ ဘုရားထောင်အရိုးအိုးဟု ထင်ရှားခဲ့သည်။ ဘုရားထောင် ကျောက်အိုးပေါ်၌ ပါရှိ သည့် ပျူစာကြောင်း ငါးကြောင်းတွင် စာလုံးရေ ၁၁၂၇ လုံး ပါရှိပြီး ၇၇ လုံးကို ဖတ်၍ မရဘဲ စာလုံး ၁၀၅၀ ကိုမူ ပညာရှင်များက ဖတ်ရှုနိုင်ခဲ့သည်။
ဘုရားထောင် အရိုးအိုးသည် ယခင်ရရှိထားသော ကျောက်အိုး လေးလုံးကဲ့သို့ပင် ထုလုံးရှည်ပုံသ္ဌာန်ဖြစ်ပြီး ယင်းအိုးကို ရရှိခဲ့ချိန်တွင် အိုးအတွင်း၌ ဆင်းတုတော် အကျိုးအပဲ့များကိုပါ တွေ့ရှိခဲ့သည်။
သရေခေတ္တရာ ကျောက်အိုးများတွင် ရေးထွင်းထားသည့် ပျူစာများအရ ထိုအိုး များသည် သူရိယဝိကြမ၊ ဟရိဝိကြမ၊ သိဟဝိကြမမင်းတို့၏ အရိုးအိုးများဖြစ်ကြောင်း နှင့် ကျန်တစ်အိုးမှာ မင်းဆွေမျိုးတစ်ဦးဦး သို့မဟုတ် မင်းမိဖုရားတစ်ဦးဦး၏ အရိုးအိုး ဖြစ်နိုင်ကြောင်း ပညာရှင်များက ကောက်ချက်ချခဲ့ကြသည်။
ဘုရားထောင်အရိုးအိုးကို တွေ့ ခဲ့ပြီးနောက် ယခင်တွေ့ရှိခဲ့သည့် ဘုရားကြီး အရိုး အိုးလေးလုံးနှင့် ဆက်စပ်ကာ သရေခေတ္တရာတွင် အုပ်စိုးခဲ့သည့် ပျူမင်းဆက်အချို့ကို ဖော်ထုတ်နိုင်ခဲ့သည်။ အိုးပေါ်မှ စာကြောင်းများကို ဖတ်ရှုပြီး ပညာရှင်များက သြိ ဒေ့ဝ မိတြဗံး၊ သြိဟရိဝိ (ကြမဗံး)၊ သြိသိဟ ဝိကြမဗံး၊ သြိသူရိယဝိ ကြမဗံး၊ သြိဗြိ ံ ထူဝိ ကြမဗံး၊ သြိဇတြတ ဝိကြမဗံး၊ သြိ (အာ)ဒိတျ ဝိကြမဗံး ဟူသည့် အမည် ခုနစ်ခုကို ဖော်ထုတ်နိုင်ခဲ့သည်။ အမည်များအားလုံးသည် ]သြိ}နှင့်စကာ ]ဗံး}နှင့်ဆုံးပြီး စာကြောင်းရေ(၁)မှ သြိဒေ့ဝမိတြဗံးနှင့် စာကြောင်းရေ(၆)မှ သြိဇတြတ ဝိကြမဗံး တို့မှလွဲ၍ ကျန်အမည်များသည် သရေခေတ္တရာကို အုပ်စိုးခဲ့သော ပျူဘုရင်များ၏ အမည်များဖြစ်ကာ သရေခေတ္တရာ၌ ဝိကြမမင်းဆက် အုပ်စိုးခဲ့ကြောင်း ဖော်ထုတ် ခဲ့ကြသည်။
သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာသန်းထွန်းက ထိုဘုရင်များ၏ အမည်များ အား ဒေ့ဝမိတြကို ‘နတ်ချစ်သူ’၊ ဟရိဝိကြမကို ‘ဗိဿနိုးနတ်မင်း၏လက်ရုံး’၊ သိဟ ဝိကြမကို ‘ခြင်္သေ့ကဲ့သို့ရဲရင့်သူ’၊ သူရိယဝိကြမကို ‘နေကဲ့သို့တောက်ပသူ’၊ ဗြိ ံထူ ဝိကြမကို ‘အမိနတ်မင်း စောင်မသူ’၊ ဇတြတဝိကြမကို ‘အမျိုးတကာ ထိတ်လန့်သူ’နှင့် အာဒိတျ ဝိကြမကို ‘နေမျိုးအသရေ’ဟု အဓိပ္ပာယ် ဖွင့်ဆိုခဲ့သည်။
ဘုရားကြီးမှတွေ့ရှိခဲ့သော ကျောက်အိုးများတွင် ရေးထွင်းထားသော စာများနှင့် ဘုရားထောင်ကျောက်အိုးပေါ်မှ စာများသည် အက္ခရာပုံစံ တူညီကြသည်။ ဘုရားကြီး အနီးမှ ရရှိခဲ့သော ကျောက်အိုးတစ်လုံးစီပေါ်တွင် ဘုရင်တစ်ပါးစီ၏ အမည်ကိုသာ ရေးထွင်းထားသဖြင့် သရေခေတ္တရာမင်းဆက် ဘုရင်အမည်များကို ရှေ့နောက်စဉ် ရန် ခက်ခဲခဲ့သော်လည်း ဘုရားထောင်ကျောက်အိုးပေါ်တွင် ဘုရင်အမည်များကို သက္ကရာဇ်နှင့်အတူ ရေးထွင်းထားသဖြင့် သရေခေတ္တရာတွင် အုပ်စိုးခဲ့သော ဝိကြမ မင်းဆက်ကို ခုနှစ်အလိုက် ခန့်မှန်းနိုင်ခဲ့သည်။ ဘုရားထောင်အရိုးအိုးပါ ပျူစာများကို သမိုင်းပညာရှင်များဖြစ်ကြသည့် ဆရာကြီး ဒေါက်တာသန်းထွန်း၊ ဦးငြိမ်းမောင်နှင့် ဦးစံဝင်းတို့က ဖတ်ခဲ့ကြသည်။မြန်မာနိုင်ငံအတွင်းရှိ ပျူမြို့ဟောင်းများအနက် သရေခေတ္တရာ တစ်နေရာတည်း တွင်သာ တွေ့ရှိခဲ့ရသည့် ကျောက်ထွင်းအိုးများသည် သရေခေတ္တရာတွင် နေထိုင်ခဲ့ ကြသော ပျူလူမျိုးများ၏ သဂြ ငိ်ု္ဟ်မြှုပ်နှံမှုဓလေ့၊ ပျူအက္ခရာအချို့နှင့် သရေခေတ္တရာ မင်းဆက်အချို့ကို ဖော်ထုတ်နိုင်သည့် ခိုင်မာသော အထောက်အထားများ ဖြစ် လာခဲ့သည်။ ယင်းကျောက်ထွင်းအိုးများအနက် ဘုရားကြီးမှရခဲ့သည့် ကျောက်အိုး လေးလုံးကို အရိုးအိုးများဟု ယေဘုယျအားဖြင့် လက်ခံထားကြသော်လည်း ဘုရား ထောင်ကျောက်အိုးသည် အရိုးအိုးဟုတ်မဟုတ် ပညာရှင်များအကြား ယူဆချက် များ ကွဲပြားခဲ့သည်။ အချို့က အရိုးအိုးဟု ယူဆသကဲ့သို့ အချို့က အရိုးအိုးမဟုတ်ဟု ယူဆမှုများရှိခဲ့သည်။
ရွှေ့ပြောင်းမရသည့် ကျောက်အိုးများ
သရေခေတ္တရာ မြို့ဟောင်းဝန်းကျင်တွင် ပျူတိုက်ဟု ခေါ်ဆိုသည့် လေးထောင့် စပ်စပ် ကုန်းဟောင်းများကို တွေ့ရှိကြရသည်။ ယင်းတို့အနက် မြို့ဟောင်း၏ တောင် ဘက်ရှိ ပျူတိုက်များ၏ မြောက်ဘက်တွင် လေးထောင့်ပုံအကွက်တစ်ခု ရှိသည်။ ထို နေရာကို ဗိဿနိုးမိဖုရားနှင့် ဆွေတော်မျိုးတော်များသင်္ချိုင်းဟု အစဉ်အဆက် ခေါ်ဆို ခဲ့ကြသည်။ ၁၉၆၈ ခုနှစ်တွင် ဗိဿနိုးမိဖုရားနှင့် ဆွေတော်မျိုးတော်များ သင်္ချိုင်း တော်နေရာမှ ကြီးမားသော ကျောက်အိုးကြီးခြောက်လုံးကို တွေ့ရှိခဲ့ကြသည်။ ထို ကျောက်အိုးများသည် ပျမ်းမျှ ပတ်လည် ၂ ဒသမ ၄ မီတာ(၇ ဒသမ ၈၇ ပေ)နှင့် အမြင့် ၁ ဒသမ ၈၄ မီတာ(၆ ဒသမ ဝ၃ ပေ)ရှိပြီး အိုးခြောက်လုံးကို သုံးလုံး နှစ်တန်း တွေ့ရှိခဲ့ကာ အရိုးအိုးများဟု ယူဆခဲ့ကြသည်။ ယင်းကျောက်အိုးကြီးများကို ထုတ်ယူ သယ်ဆောင်ရန် မလွယ်ကူသဖြင့် တွေ့ရှိခဲ့သောနေရာမှာပင် ထိန်းသိမ်းထားသည်။ အိုးများ၏ပတ်လည်တွင် စာသားများရေးထိုးထားခြင်း မရှိချေ။
ပညာရှင်များက ဘုရားထောင်ကျောက်အိုးနှင့် မှော်ဇာ၊ ဝက်ခေါင်းကန်ကုန်းမှ ၁၉၂၈ ခုနှစ်က ရရှိခဲ့သည့် ပျူနှင့် သက္ကတ နှစ်ဘာသာ ရောစပ်ရေးထိုးထားသော ကျောက်စာတို့ကို နှိုင်းယှဉ်ဆက်စပ်ကာ ဘုရင် ဟရိဝိကြမသည် သရေခေတ္တရာကို လေးရာစု အလယ်ဝန်းကျင်က တည်ထောင်ခဲ့ကြောင်း မှန်းဆခဲ့သည်။
သရေခေတ္တရာ တစ်နေရာတည်းတွင်သာ တွေ့ရှိခဲ့ရသည့် ကျောက်ထွင်းအိုးများ သည် ပျူလူမျိုးများ၏ အတိတ်ပုံရိပ်များကို တစ်စိတ်တစ်ပိုင်း ဖော်ထုတ်ပေးနိုင်ခဲ့ သည်။ ထို့ကြောင့် ဘုရားကြီး အရိုးအိုးလေးလုံးကို ကျောက်စာဝန်များဖြစ်ကြသည့် မစ္စတာ တော်စိန်ခို၊ ဦးလူဖေဝင်း၊ မွန်စီယာ ဒူရွိုင်ဇယ်တို့က ရှေးဟောင်းအရိုးအိုးများ နှင့် ပတ်သက်၍လည်းကောင်း၊ မစ္စတာ ဘလက်ဒင်က အရိုးအိုး ကျောက်စာများနှင့် ပတ်သက်၍လည်းကောင်း၊ ဆရာကြီးဦးသာမြတ်က ပျူအက္ခရာများနှင့်ပတ်သက်၍ လည်းကောင်း လေ့လာခဲ့ကြပြီး ခေတ်အဆက်ဆက် ရှာဖွေတူးဖော်မှုများနှင့်အတူ သုတေသနလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့သည်။
ဘုရားထောင်အိုး အပါအဝင် ကျောက်ထွင်းအိုးများကို အိုးပေါ်တွင် ရေးထိုးထား သည့် ဘုရင်များ၏အမည်များနှင့် ကွယ်လွန်ခဲ့သည့် နှစ်များကြောင့် အရိုးအိုးများဟု သတ်မှတ်ခဲ့ကြသော်လည်း ယင်းကျောက်အိုးများကို တွေ့ရှိခဲ့ချိန်တွင် ကျောက်အိုး များအတွင်း အရိုးစများ၊ အရိုးပြာများကို မတွေ့ရှိရဘဲ မြေကြီးများကိုသာ တွေ့ရှိခဲ့ရ ကြောင်း သမိုင်းပညာရှင် ဗိုလ်မှူးဘရှင်က ရေးသားခဲ့သည်။ ထိုမြေကြီးများသည်ပင် ကွယ်လွန်သူများ၏ အရိုးပြာများလည်း ဖြစ်နိုင်ဖွယ်ရှိပေသည်။
၁၉၉၃ ခုနှစ်တွင် သရေခေတ္တရာမြို့ဟောင်းအတွင်းရှိ ဘုရားထောင်စေတီ၏ အနောက်မြောက်ဘက်ရှိ ကိုးပေမြင့်သောကုန်းကို တူးဖော်ခဲ့ချိန်တွင် မြေကြီးအတွင်း မှရရှိခဲ့သည့် ဘုရားထောင် ကျောက်အိုးအတွင်းမှ ဆင်းတုတော်အကျိုးများကို တွေ့ ရှိခဲ့သကဲ့သို့ အရိုးအိုးတွေ့ရှိခဲ့သည့် အနီးဝန်းကျင်နေရာများမှလည်း ဆင်းတုတော် နှင့် မြေမီးဖုတ်ဆင်းတု အကျိုးအပဲ့များကို တွေ့ရှိခဲ့သည်။ ဘုရားထောင်အရိုးအိုးတွင် အရိုးစ သို့မဟုတ် အရိုးပြာများကို မတွေ့ရှိခဲ့သဖြင့် ယင်းအိုးကို အခြားရည်ရွယ်ချက် တစ်ခုခုအတွက် အသုံးပြုခဲ့ခြင်းရှိမရှိလည်း စဉ်းစားဖွယ်ဖြစ်ခဲ့သည်။သရေခေတ္တရာတွင် တွေ့ခဲ့ရသည့် ကျောက်အိုးများကို စေတီများ၏ အနီးဝန်းကျင် နေရာများမှသာ တွေ့ရှိခဲ့ခြင်းကြောင့် ကျန်ရစ်သူများက ကွယ်လွန်သူ ဘုရင်များ၏ အမည်များကို ကမ္ပည်းထိုးကာ ဘာသာရေးဆိုင်ရာဝတ္ထုတစ်ခုခု ထည့်သွင်းပြီး စေတီ ပုထိုးများထံ လှူဒါန်းခဲ့သည့် အလှူမှတ်တမ်းဟု ယူဆမှုများလည်း ရှိခဲ့သည်။
ပျူလူမျိုးများ၏ သဂြ ငိ်ု္ဟ်မှုဓလေ့တွင် လူသေလျှင် မီးရှို့ ၍ အရိုးပြာများနှင့် အသုံး အဆောင်များကို မြေအိုးတွင်ထည့်သွင်းပြီး မြှုပ်နှံခဲ့သည့် အထောက်အထားများကို သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်းနှင့် မိုင်းမော ပျူမြို့ဟောင်းများမှ တွေ့ရှိခဲ့ရသည်။ သို့သော် ကျောက်အရိုးအိုးများနှင့် ကြေးအရိုးအိုးများကိုမူ သရေခေတ္တရာတွင်သာ တွေ့ရှိခဲ့ကြရသဖြင့် သုတေသီများအတွက် များစွာ စိတ်ဝင်စားဖွယ်ကောင်းသော လေ့လာစရာကိစ္စတစ်ခု ဖြစ်နေခဲ့ပေသည်။ ။
ကိုးကား
(၁) ထွေထွေရာရာ မြန်မာသမိုင်း (ဒေါက်တာသန်းထွန်း)
(၂) အိုးသမိုင်း(ဒေါက်တာသန်းထွန်း)
(၃) Dating the Hpayahtaung Pyu Stone Urn Inscription (San Win)