တိုက်မောင်း
တစ်ယောက်အားနှင့်ယူသော်မရ၊ တစ်သောင်းအားနှင့်ယူသော်ရ၏ဆိုသော ဆိုရိုးစကားသည် ပူးပေါင်းဆောင်ရွက်မှု၏ ပြယုဂ်၊ ညီညွတ်ခြင်း၏ စွမ်းပကားကို ဖော်ညွှန်းနေသည်။ တစ်ယောက်တစ်လက် ကျောင်းသားလက်၊ စုပေါင်းညီညာ အောင်ကြောင်းဖြာ စသည့် ကြွေးကြော်သံများကိုလည်း အဖွဲ့အစည်းများတွင် ယနေ့တိုင်အသုံးပြုနေသည်ကိုတွေ့ရပါသည်။ အားလုံးကို ခြုံကြည့်သော် ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းဖြင့်သာ အောင်မြင်မှုကိုရရှိနိုင်မည်ဖြစ်သည်။
မြန်မာ့လူ့အဖွဲ့အစည်းသည် တစ်ဦးတစ်ယောက်ချင်း အလိုက် ထူးချွန်ထက်မြက်ကြသည်မှာ အငြင်းပွားဖွယ်ရာ မရှိပါ။ သို့သော် အစုအဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှုတွင် အားနည်းနေသေးသည်ကို နေရာတိုင်းလိုလို၌ တွေ့မြင် နေရ၏။ နိုင်ငံတကာနှင့်ယှဉ်လျှင် မိမိတို့နိုင်ငံမှာ နောက် ကောက်ကျနေသေးသည်ကို အားမလို အားမရ ဖြစ်မိ၏။ ဘောလုံးပွဲများကို ကြည့်ပါ။ အခြားမည်သည့် နိုင်ငံနှင့် ကစား ကစား မြန်မာကို နိုင်စေချင်ကြ၏။ အမျိုးသားရေး စိတ်ဓာတ်ကြောင့်ဖြစ်၏။ အမျိုးသားရေးစိတ်ဓာတ်ရှိရုံ သက်သက်နှင့် ကျွန်တော်တို့ ထိပ်ဆုံးသို့မရောက်နိုင် သေးပါ။ ဘောလုံးကစားနည်းသည် တစ်ဦးကောင်း တစ်ယောက်ကောင်းနှင့် မရသည်ကို အားလုံးအသိ ဖြစ်၏။ ပူးပေါင်းဆောင်ရွက်မှုကောင်းပြီး အသင်းအဖွဲ့နှင့် လိုက်ပါ ကစားရသဖြင့် တကိုယ်ကောင်းဆန်၍မရ။ အဖွဲ့အစည်း များအောင်မြင်မှုရရှိစေရန်အတွက် ပူးပေါင်းဆောင်ရွက် လုပ်ကိုင်တတ်မှုသည် အဓိကသော့ချက်ဖြစ်ပါသည်။
စုပေါင်းလုပ်ကိုင်ဆောင်ရွက်တတ်ရေး
ယနေ့ခေတ်ကလေးများကို စုပေါင်းလုပ်ကိုင်တတ် သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ငယ်စဉ်မှစ၍ ပြုစုပျိုးထောင်ပေးသင့်ပါသည်။ အခြေခံပညာအဆင့်မှာပင် သင်ရိုးညွှန်းတမ်း၌ ထည့်သွင်းရေးဆွဲပြီး တက္ကသိုလ် ရောက်သည်အထိ လူငယ်များကို အလေ့အကျင့်ပြုလုပ် ပေးရန် လိုအပ်ပါသည်။ ဆရာ ဆရာမများ၏ အခန်း ကဏ္ဍမှာ အလွန်အရေးကြီးပါသည်။ သင်ရိုးဇယားများကို ပြင်ဆင်ရေးဆွဲခြင်း၊ အတန်းတွင်း၊ အတန်းပြင် စုပေါင်း လုပ်ဆောင်နိုင်မည့် အကြောင်းအရာများ၊ လေ့ကျင့်ခန်း များ ထည့်သွင်းခြင်း၊ အားကစားနည်းများနှင့် ပတ်သက် ၍လည်း တစ်ဦးချင်းမှသည် အသင်းအဖွဲ့လိုက် ကစားနည်း များကို ကျောင်းသင်ခန်းစာအချိန်ဇယားများ၌ ထည့်သွင်း ခြင်းဆောင်ရွက်သင့်ပါသည်။ ဤကဲ့သို့ အတန်းစဉ်လိုက် လေ့ကျင့်ပေးခြင်းအားဖြင့် စုပေါင်းလုပ်ကိုင်ဆောင်ရွက် တတ်သော အလေ့အကျင့်ကောင်းများကို လုပ်ငန်းခွင် အထိ ကျွဲကူးရေပါတစ်ပြိုင်တည်း ပါဝင်လာမည်ဖြစ်ပါ သည်။
ညီညွတ်သော စည်းလုံးမှုဖြင့်သာ
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန်မှာ မြန်မာပြည်အတွင်း မှီတင်းနေကြသော တိုင်းရင်းသားအားလုံးက ညီညွတ် သောစိတ်ဓာတ်၊ စည်းလုံးသောခွန်အားတို့ဖြင့် တည် ဆောက်ကြမှသာ ဖြစ်နိုင်ပါသည်။ နိုင်ငံတည်ဆောက် ရာတွင် Stateholder အားလုံးပါဝင်သင့်သည်။ ဒီမိုကရေစီ စနစ်တည်ဆောက်နေသောနိုင်ငံတွင် နိုင်ငံသားအားလုံးက အသိစိတ်ဓာတ်ရှိစွာဖြင့် ကိုယ့်တာကိုလုံဖို့လို၏။
ယနေ့ ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင် မြင်တွေ့နေရ သော မြင်ကွင်းများကို ကြည့်လိုက်ပါ။
လူကူးမျဉ်းကျားမှာ မီးစိမ်းနေတုန်းကူးကြရဲ့လား။ အမှိုက်တွေကို အမှိုက်ပုံးထဲကို ထည့်ကြရဲ့လား။ အမှိုက် ပုံး၊အမှိုက်ကန်တွေပြည့်နေတာကိုရော သက်ဆိုင်ရာဌာန က အချိန်မီလာသိမ်းရဲ့လား။ အများပြည်သူသွားလာနေတဲ့ လမ်းမတွေပေါ်ထွက်ပြီး စျေးဗန်းခင်းနေတာကရော ဒီမိုကရေစီကျင့်ဝတ်နှင့်ညီရဲ့လား။ အဲဒီလို လမ်းမပေါ် သူတို့စိတ်ထင်ရာစိုင်းနေသူများကို စည်ပင်သာယာမှ တာဝန်ရှိသူတွေက အမြဲတစေ ကြည့်ရှုကြပ်မတ်နေရဲ့လား။ ကျူးကျော်တွေ တစ်စ တစ်စ တိုးပွားလာတာ ဘာကြောင့် လဲ။
လစ်ရင်လစ်သလို လုပ်တတ်သောအကျင့်
သန့်ရှင်းထားသော အိမ်သာကို လူတိုင်းတက်ချင်ကြ သည်။ သို့သော် အများသုံးအိမ်သာသုံးပြီးတိုင်း စနစ်တကျ သန့်ရှင်းခဲ့ကြရဲ့လား။ လျှပ်စစ်မီးတွေ ထိန်ထိန်ညီးနေ အောင် နေချင်ကြသည်။ ရေတွေဖောဖောသီသီ သုံးချင် ကြသည်။ သို့သော် ဖြုန်းတီးနေကြသလား။ မလိုအပ်ဘဲ မီးတွေဖွင့်ပြီးသုံးနေတာလား။ လျှံနေသော ရေဘားတွေကို မြင်ရင် အလိုက်တသိ ပိတ်ခဲ့ကြရဲ့လား။ သက်သောင့် သက်သာဖြင့် ခရီးသွားလိုကြသည်။ အခါကြီး ရက်ကြီးဆို လျှင် ယာဉ်စီးခစျေးနှုန်းတွေ ပုံမှန်ရောင်းကြရဲ့လား။ ၆နာရီကျော်လျှင် ဟိုအရင်လို အောက်ဆိုက်ကားဆိုပြီး ဆွဲချင်နေကြတုန်း။ လစ်ရင်လစ်သလို လုပ်တတ်သော အကျင့်များကို ကျွန်တော်တို့ အရင်ပြင်ရမည်ထင်ပါသည်။
ကောင်းသည့်နေရာများတွင် ညီအောင် ကျွန်တော်တို့ တစ်ယောက်ချင်းမှအစပြု၍ အချိန်မီပြုပြင်သင့်ပါပြီ။ ကျွန်တော်တို့ ပြည်သူအားလုံးညံ့မနေ၊ ဆိုးမနေပါ။ စည်းကမ်းလိုက်နာပြီး အများကောင်းကျိုးကို သယ်ပိုးနေ သူများလည်း ဒုနှင့်ဒေးရှိနေပါသည်။ ကောင်းသောသူများ များလာဖို့ လိုပါသည်။ ကောင်းသောသူများ ညီညွတ်လာဖို့ လိုပါသည်။ နေ့စဉ်လမ်းပေါ်တွင် အမှိုက်ကောက်နေ သူတစ်ဦးတွေ့ပြီး အဆိုပါလမ်းမှာ သန့်ရှင်းသပ်ရပ်နေပါ က သင့်အနေဖြင့် အဆိုပါလမ်းပေါ်တွင် စည်းကမ်းမဲ့စွာ အမှိုက်ပစ်နေပါဦးမည်လား။ ဆေးလိပ်မသောက်ရဟု ရေးထားသောနေရာတွင် သင်တစ်ဦးတည်း ဆေးလိပ် သောက်နေပါက သင့်ကိုသင် လိပ်ပြာလုံပါမည်လား။ စည်းကမ်းသည် လူ၏တန်ဖိုးဟု ကျွန်တော်တို့ငယ်စဉ် ကတည်းက သိခဲ့ကြသည်။ ဒီမိုကရေစီစနစ်၏ အခြေခံ သည် စည်းကမ်းရှိခြင်းဖြစ်သည်။ လွတ်လပ်မှုသည် ပရမ်းပတာပြုမူနေထိုင်ခြင်းမဟုတ်။ ထို့ကြောင့် ကျွန်တော် တို့ ပြည်သူအားလုံး စည်းကမ်းဘောင်အတွင်း၌ ညီညွတ် စွာဖြင့် နေထိုင်လုပ်ကိုင်ကြဖို့ အချိန်တန်နေပါပြီ။
သင်ဆရာ၊ မြင်ဆရာများ အရေးကြီး
စုပေါင်းလုပ်ကိုင်တတ်မှုကို အခြေခံကျောင်းများတွင် ဆရာ ဆရာမများက စနစ်တကျ လေ့ကျင့်သင်ကြားပေး လိုက်ကြရမည်။ အိမ်တွင်လည်း ဝိုင်းလုပ်ဝိုင်းစား သဘော မျိုး ရုံးပိတ်ရက်၊ အလုပ်ပိတ်ရက်များတွင် စုပေါင်းချက်ပြုတ် စားသောက်ခြင်း၊ မိသားစုအလိုက် လမ်းလျှောက်ခြင်း၊ ရံဖန်ရံခါ ခရီးထွက်ခြင်း၊ ဘုရားပေါ်တက်၍ ကုသိုလ် ယူခြင်းများကို ပြုလုပ်နိုင်ပါသည်။ ယနေ့လူငယ်များသည် အတုမြင်အတတ်သင်လွယ်ကြသူများဖြစ်သည်။ အစ်ကို ဖြစ်သူက ဖုန်းတစ်လုံးနှင့် ဂိမ်းဆော့နေပါက ညီငယ်ဖြစ်သူ ကလည်း အခြားဖုန်းတစ်လုံးကိုင်၍ ဂိမ်းဆော့ချင်လာ သည်။ ထိုနည်းတူ အမေဖြစ်သူက ဘုရားစင်ရှေ့တွင် နေ့စဉ်ဘုရားရှိခိုးတာ မြင်တွေ့လာရင်း သားငယ်လေးပါ ဘုရားရှိခိုးရန် ရောက်ရှိလာတတ်ပါသည်။ အဖေဖြစ်သူ က ညနေပိုင်း အိမ်တွင်အရက်ကလေး တမြမြနှင့် ဆက် ရက် မင်းစည်းစိမ်ခံနေတာကို အရွယ်ရောက်လာပြီဖြစ်သော သားကြီးက အားကျလာနိုင်သည်။ ကွယ်ရာတွင် သူငယ် ချင်းနှင့်သွေးတိုးစမ်း၍ သောက်ကြည့်နေနိုင်သည်။ အိမ် တွင် မိဘများသည် သင်ဆရာ၊ မြင်ဆရာများဖြစ်သကဲ့သို့ ကျောင်းတွင် ဆရာ ဆရာမများသည် စံနမူနာကောင်းများ ဖြစ်ကြပါသည်။ ကျွန်တော်တို့ မိဘကောင်း၊ ဆရာ ဆရာမ ကောင်းများ ဖြစ်ကြရပါမည်။ သို့မှသာ အနာဂတ်တိုင်းပြည် သည် စည်းကမ်းရှိပြီး လိမ္မာယဉ်ကျေးသောလူငယ်များလက်ထဲတွင် စည်ပင်သာယာဖွံ့ဖြိုးလာမည် မဟုတ်ပါ လား။
ကိုယ့်ကျိုးထက် တိုင်းပြည်တိုးတက်ရေး ဦးစားပေး
ငြိမ်းချမ်းရေးရရန် အားလုံးကကြိုးပမ်းအားထုတ်နေသည်ကို တွေ့ရသည်။ ငြိမ်းချမ်းရေးခရီးသည် ရေရှည် ခရီးဖြစ်၏။ သို့သော် ပန်းတိုင်မရှိသော ခရီးတော့မဟုတ်။ စိတ်ရှည်ရမည်။ သည်းခံရမည်။ ယုံကြည်မှုရအောင် တည် ဆောက်ရသည်။ နှစ်ဖက်လိုလားချက်များ အချိန်ယူ ညှိနှိုင်း ရသည်။ ဤနေရာတွင် မိမိတို့ကိုယ်ကျိုးစီးပွားထက် တစ်တိုင်းပြည်လုံး၏ တိုးတက်ရာတိုးတက်ကြောင်းကို ဦးစားပေးပြီး ညီညီညွတ်ညွတ် စဉ်းစားဆောင်ရွက်လာ နိုင်ပါက ငြိမ်းချမ်းရေးချိုးကူသံသည် မိုးယံသို့ညံလာမည် မဟုတ်ပါလား။ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ် ဆန်း လုပ်နေဖို့ အချိန်မရှိတော့ပါ။ ကျွန်တော်တို့ လျှောက် ချင်သော ဒီမိုကရေစီခရီးလမ်းသည် ချောမွေ့နေဖို့လို သည်။ ရေကြည်ကိုသောက်ချင်မှတော့ နောက်နေတဲ့ ရေ တွေကိုကုန်အောင် မြန်မြန်ခပ်ထုတ်ရုံကလွဲလို့ တခြား ရှိပါဦးမည်လား။ အခုပဲ ကျွန်တော်တို့ လက်ချင်းချိတ် လိုက်ရအောင်။ ။
မြန်မာ့အလင်း