ကျော်ထိုက်စိုး - ရေးသားသည်
စင်ကာပူနှင့် တရုတ်နိုင်ငံတို့သည် ဧပြီ ၂၉ ရက်က သဘောတူညီချက် ငါးခုကို လက်မှတ်ရေးထိုးခဲ့ရာ “ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း” (BRI) ပါ ကုန်သွယ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် စီမံကိန်းများနှင့်ပတ်သက်၍ နှစ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုမှာ ပိုမိုနီးကပ်မှုရှိလာပြီဖြစ်သည်။ အဆိုပါ သဘောတူညီချက်များကို ကျောက်ယုထိုင် နိုင်ငံတော်ဧည့်ဂေဟာ၌ တရုတ်ဝန်ကြီးချုပ် လီခချန်းနှင့် တွေ့ဆုံပြီးနောက် စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းက လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။ အစောပိုင်းကလည်း ဝန်ကြီးချုပ် လီရှန်လွန်း သည် ပြည်သူ့ခန်းမဆောင်၌ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်တွေ့ဆုံခဲ့သည်။
စင်ကာပူ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန (MTI) က မိတ်ဖက်သဘောတူညီချက် နှစ်ခုကိုလက်မှတ် ရေးထိုးခဲ့သည်။ စင်ကာပူ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီး ချန်းချွန်စင်းနှင့် ရှန်ဟိုင်းမြို့တော်ဝန် ရင်ရန်တို့သည် ဝန်ကြီးဌာနအဆင့် စင်ကာပူ-ရှန်ဟိုင်း ဘက်စုံပါဝင်သော ပူးပေါင်းဆောင်ရွက်ရေးကောင်စီတစ်ခုဖွဲ့စည်းရန် သဘောတူခဲ့သည်။ နှစ်နိုင်ငံစလုံးသည်ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း၊ ဘဏ္ဍာရေးဝန်ဆောင်မှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု၊ စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှု၊ မြို့ပြအုပ်ချုပ်ရေးနှင့် ပြည်သူအချင်းချင်း အပြန်အလှန်လည်ပတ်ရေး ဟူသော နယ်ပယ်ကဏ္ဍ ခြောက်ခုတွင် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်သည်။ စင်ကာပူ ဒုတိယဝန်ကြီးချုပ်၊ ဘဏ္ဍာရေးဝန်ကြီး ဟန်ဆွီးကတ်နှင့် ရှန်ဟိုင်းမြို့တော် ဝန်ရင်ရန်တို့က စင်ကာပူ-ရှန်ဟိုင်း ဘက်စုံပါဝင်သော ပူးပေါင်းဆောင်ရွက်ရေးကောင်စီကို ပူးတွဲဆောင်ရွက် မည်ဖြစ်ပြီး ဥပဒေနှင့်ကျန်းမာရေးဝန်ကြီး အက်ဒဝင်တောင်နှင့် ရှန်ဟိုင်းဒုတိယမြို့တော်ဝန် ရှုခွန်လင်းတို့က ဒုတိယသဘာပတိများအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။ အင်တာပရိုက်စင်ကာပူနှင့် ရှန်ဟိုင်းမြို့တော်ရှိ နိုင်ငံခြား ရေးရုံးတို့မှာ ကောင်စီ၏ အတွင်းရေးမှူးချုပ်ရုံးများ ဖြစ်လာမည်ဖြစ်ပြီး ကောင်စီ၏ ပထမအကြိမ်အစည်း အဝေးကို မေလ ၂၄ ရက်နေ့က ရှန်ဟိုင်းမြို့တော်တွင်ကျင်းပခဲ့သည်။
စင်ကာပူ-ရှန်ဟိုင်း ဘက်စုံပါဝင်သော ပူးပေါင်း ဆောင်ရွက်ရေးကောင်စီမှာ ရှန်ဟိုင်းမြို့တော်တွင် ပြည်ပ တိုင်းပြည်တစ်ခုနှင့် ဘက်စုံပါဝင်သည့် အတည်တကျ ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့ကြောင်း စင်ကာပူ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန (MTI)၏ ထုတ်ပြန်ချက်တစ်ခုအရ သိရသည်။ စင်ကာပူ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး ချန်းချွန်စင်းသည် တတိယအဖွဲ့အစည်း ဈေးကွက်ပူးပေါင်းဆောင်ရွက်မှု အကောင်အထည်ဖော်ဆောင်ရေး မူဘောင်တစ်ရပ်ဆိုင်ရာ နားလည်မှုစာချွန်လွှာကို တရုတ်နိုင်ငံ၌ စီမံကိန်းများ ရေးဆွဲသည့်အဖွဲ့အစည်း အမျိုးသားဖွံ့ဖြိုးရေးနှင့်ပြုပြင်ပြောင်းလဲရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ကျောင်ယောင် နှင့် လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ သဘောတူညီချက်မှာ ပြီးခဲ့သည့်နှစ် ဧပြီလအတွင်း လက်မှတ်ရေးထိုးခဲ့ သည့် နားလည်မှုစာချွန်လွှာ၏ နောက်ဆက်တွဲဖြစ်ပြီး ယခုအခါ ထောက်ပံ့ပို့ဆောင်ရေး၊ အခြေခံအဆောက် အဦနှင့် ဘဏ္ဍာရေးနှင့် ဥပဒေပိုင်းဆိုင်ရာ ဝန်ဆောင်မှုများအပြင် ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းပါ တတိယ အဖွဲ့အစည်းဈေးကွက်ကဲ့သို့သော နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားမည်ဖြစ်သည်။ “တရုတ်နိုင်ငံက စီးပွားရေးပြုပြင်ပြောင်းလဲမှုမှာ နောက်တစ်ဆင့်ကို ဝင်ရောက်လာပြီဖြစ်လို့ ဒီနားလည်မှု စာချွန်လွှာတွေက နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းဖို့တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာတွေမှာ စင်ကာပူနိုင်ငံရဲ့ ပါဝင်ဆောင်ရွက်မှုကို အားကောင်း လာစေမှာဖြစ်ပါတယ်” ဟု ချန်းချွန်စင်းက ထုတ်ပြန်ချက် တစ်ခုအတွင်း ပြောကြားသည်။
အသစ်ဖွဲ့စည်းလိုက်သော စင်ကာပူ-ရှန်ဟိုင်း ဘက်စုံပါဝင်သော ပူးပေါင်းဆောင်ရွက်ရေးကောင်စီမှာ တရုတ်နိုင်ငံ၏ အရေးပါသောဘဏ္ဍာရေးနှင့် စီးပွားရေးကဏ္ဍတွင် စင်ကာပူနိုင်ငံ၏ ထိတွေ့ဆက်ဆံမှုများကို ထိန်းမတ်ပေးကာ ယန်စီမြစ်ဝကျွန်းပေါ်ဒေသ စီးပွားရေးပေါင်းစည်းမှုအဖြစ် ဖန်တီးပေးမည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။ သဘောတူညီချက်မှာ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း တစ်လျှောက် အခွင့်အလမ်းများရှာဖွေနေသည့် တရုတ်ကုမ္ပဏီများ အရှေ့တောင်အာရှဈေးကွက်အတွင်း ခြေကုပ်ယူရာ တွင် စင်ကာပူနိုင်ငံ၏အခန်းကဏ္ဍကို မြှင့်တင်ပေး မည်ဖြစ်သည်။ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန (MTI) ၏ အချက်အလက်များအရ ပြီးခဲ့သည့်နှစ်အတွင်း စင်ကာပူနှင့်ရှန်ဟိုင်းကြား ကုန်သွယ်မှုပမာဏမှာ အမေရိကန် ဒေါ်လာ ၁၃ ဒသမ ၅ ဘီလီယံ (စင်ကာပူဒေါ်လာ ၁၈ ဒသမ ၃ ဘီလီယံ) အထိရှိခဲ့ပြီး စင်ကာပူနိုင်ငံ၏ တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပမာဏ၏ ၁၄ ရာခိုင်နှုန်း နီးပါးရှိခဲ့သည်။ ပြီးခဲ့သည့်နှစ်ကုန်အထိ စင်ကာပူနိုင်ငံက ရှန်ဟိုင်းမြို့တော်၌ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၂ ဘီလီယံတန်ကြေးရှိ ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၄၈၀ဝ ကျော်ရှိခဲ့သည်။ ပြီးခဲ့သည့်နှစ်က စင်ကာပူမှာ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းတစ်လျှောက် တရုတ်နိုင်ငံအတွက် ပမာဏအများဆုံး ပြည်ပရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာ နိုင်ငံဖြစ်ခဲ့ပြီး တရုတ်နိုင်ငံက ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းဝင် တိုင်းပြည်များတွင်ပြုလုပ်သည့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၃ ရာခိုင်နှုန်းနီးပါး ရှိခဲ့သည်။
စင်ကာပူနှင့် တရုတ်နိုင်ငံတို့သည် အခြေခံအဆောက်အဦနှင့် ဘဏ္ဍာရေးလုပ်ငန်းမှသည် ဝန်ဆောင်မှုလုပ်ငန်း အထိ နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ဥပမာအနေဖြင့် DBS၊ Bank of China၊ သတ္တုတူးဖော်ရေးကုမ္ပဏီ Top International နှင့် တရုတ် ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီ Yantai Port တို့က အင်ဒိုနီးရှားနိုင်ငံ၌ ပတ်ဝန်းကျင်ထိခိုက်မှု နည်းပါးသော ရေနံချက်စက်ရုံတစ်ရုံ တည်ဆောက်ရေးအတွက် ပူးတွဲငွေကြေးမတည်ခဲ့သည်။ စင်ကာပူအကောက်ခွန်ဌာနကလည်း အကောက်ခွန်ဆိုင်ရာပြစ်မှုများ ကိုင်တွယ်ဖြေရှင်းရေး၊ အချက်အလက်ဖလှယ်ရေးစနစ် တည်ဆောက်ရေး တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်နှစ်ခုကို တရုတ်အကောက်ခွန်ဌာနနှင့် လက်မှတ်ရေးထိုးခဲ့သည်။ ပထမ သဘောတူ ညီချက်အရ နှစ်နိုင်ငံစလုံးက စုဆောင်းထားသည့် တွေ့ရှိချက်များကို မျှဝေသွားမည်ဖြစ်သည်။ ဒုတိယ နားလည်မှုစာချွန်လွှာအရ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း လက်မှတ်ရေးထိုးခဲ့သည့်တရုတ်-စင်ကာပူ လွတ်လပ်သော ကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ်အရ သဘောတူခဲ့သည့်အီလက်ထရွန်နစ် အချက်အလက်ဖလှယ်ရေးစနစ်တစ်ခုအကောင်အထည်ဖော်ဆောင်ရန် ဖြစ်သည်။ အဆိုပါ စနစ်ကြောင့် ကုန်သွယ်မှုနှင့်ပတ်သက်သော သတင်း အချက်အလက်များ လွှဲပြောင်းပေးပို့ရာ တွင် မြန်ဆန်လာ မည်ဖြစ်ပြီး ကုမ္ပဏီများအနေဖြင့် များစွာလုပ်ကိုင်ရ လွယ်ကူလာမည်ဖြစ်သည်။ ထိုစနစ်ကို ဇူလိုင်လ ၁ ရက်နေ့တွင် စတင်မည်ဖြစ်သည်။
စင်ကာပူအစိုးရပိုင် အခြေခံအဆောက်အဦအတိုင်ပင်ခံလုပ်ငန်း Surbana Jurong နှင့် တရုတ်နိုင်ငံပိုင် Silk Road Fund တို့ကလည်း ပူးတွဲရင်းနှီး မြှုပ်နှံမှုသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုး ခဲ့သည်။ အဆိုပါ သဘောတူညီချက်အရ စင်ကာပူနှင့်တရုတ်နိုင်ငံတို့သည် အရှေ့တောင်အာရှဒေသရှိ အခြေခံအဆောက်အဦစီမံကိန်းများကို ငွေကြေးထောက်ပံ့မည့်အမေရိကန်ဒေါ်လာ သန်း ၅၀ဝ တန် အခြေခံအဆောက်အဦ ပူးတွဲရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ မတည်ပေးမည်ဖြစ်သည်။ တရုတ်နှင့်စင်ကာပူကြား လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်မှာ အပြုသဘောဆောင်သော အကျိုးသက်ရောက်မှု များရှိပြီး နယ်ပယ်အသီးသီးတွင်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမှာ ပုံမှန်တိုးတက်နေ ကြောင်း တရုတ်ဝန်ကြီးချုပ် လီခချန်းက ပြောကြားခဲ့သည်။ ဒေသဆိုင်ရာ ဘက်စုံပါဝင်သော စီးပွားရေး မိတ်ဖက်ဆောင်ရွက်မှု စေ့စပ်ညှိနှိုင်းမှုများ အရှိန်မြှင့်တင်ရာ တွင် စင်ကာပူနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့်ဒေသတွင်း တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကြွယ်ဝ ချမ်းသာမှုမြှင့်တင်ရာ တွင် တရုတ်နှင့် အာဆီယံကြား ပူးပေါင်းဆောင်ရွက်ရန် တရုတ်နိုင်ငံက ဆန ́ရှိကြောင်း ၎င်းက ဆိုသည်။
ကိုးကား-သည်စထရိတ် တိုင်းမ်
Singapore, China ink deals on trade, Belt and Road projecs