မြန်မာ၊ ထိုင်း၊ လာအို သုံးနိုင်ငံ နယ်နိမိတ်တစ်လျှောက်တွင် ဖြစ်ပေါ်နေသည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုကို ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံက ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။ ဒီဇင်ဘာလမှစတင်၍ မေလအထိ ခြောက်လတာကာလသည် မြန်မာ၊ ထိုင်း၊ လာအိုနိုင်ငံတို့အတွက်  ခြောက်သွေ့သည့်ကာလဖြစ်ပြီး  ပူပြင်းသည့် ရာသီဖြစ်သော မတ်လမှ ဧပြီလတို့တွင် တောမီးလောင်ကျွမ်းခြင်းနှင့် တောင်ယာမီးရှို့ခြင်းကြောင့် ထွက်ပေါ်လာသည့် မီးခိုးငွေ့များမှာ သုံးနိုင်ငံစလုံးအတွက် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ပြဿနာပင်ဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏  သတ်မှတ်ချက်အရ  လူများအသက်ရှူနေသည့်  လေထုသည်  အမှုန်အမွှားပါဝင်မှုပမာဏ ၁ ကုဗမီတာတွင်  ၁၂၀ အောက်သာရှိရမည်ဖြစ်ပြီး ထိုထက် ပိုပါက ကျန်းမာရေးကို ထိခိုက်နိုင်သည်။ လေထုတွင်း အမှုန်ပါဝင် မှုကို PM 2.5 ဖြင့် ပြသပြီး လေထု ၁ ကုဗမီတာတွင် အမှုန်အမွှား ၂၂ မိုက်ခရိုဂရမ်ပါဝင်သည့် ယူနစ်ဖြစ်သည်။ လေထုညစ်ညမ်းမှုကြောင့် ဥရောပသမဂ္ဂနိုင်ငံများတွင် ၂၀၂၀ ပြည့်နှစ်က လူပေါင်း ၂၃၈၀၀၀ သည် အချိန်မတိုင်မီ သေဆုံးခဲ့ရသည်ဟုလည်း ဆိုသည်။ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ဖြစ်ပေါ်ရခြင်းသည် သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်သလို ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝများနှင့်လည်း ဆက်စပ်လျက်ရှိသည်။

မြန်မာနိုင်ငံသည် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးအတွက်  အာဆီယံသဘောတူညီချက်  (ASEAN Agreement on Transboundary Haze Pollution-AATHP)တွင် ပါဝင်လက်မှတ်ရေးထိုးထားပြီး ၂၀၁၇ ခုနှစ် ချင်းရိုင်လုပ်ငန်း စီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာတွင် ၂၀၂၂ ခုနှစ်၌ မီးလောင်မှုနေရာအရေအတွက် ၂၀ ရာခိုင်နှုန်း လျှော့ချရေး အလေးထားဆောင်ရွက်ခဲ့ရာ  အမှန်တကယ်လျှော့ချနိုင်မှုမှာ ၃၃  ရာခိုင်နှုန်းအထိ  ရှိခဲ့သည်။ ဆက်လက်၍လည်း သုံးနိုင်ငံ နယ်နိမိတ်တစ်လျှောက် ဖြစ်ပေါ်နေသည့် နယ်စပ်ဖြတ်ကျော် မီးခိုး မြူငွေ့ညစ်ညမ်းမှုနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ ပေါင်းစပ်၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

မြန်မာ၊ ထိုင်းနှင့် လာအိုနိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ သုံးဦးသုံးဖလှယ် အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယုဒ် ချန်အိုချာ၊ လာအိုနိုင်ငံဝန်ကြီးချုပ် ဆုံဆိုင်းဆီဖန်ဒုံတို့က သုံးနိုင်ငံ အကြား  ခံစားနေရသည့်  မီးခိုးနှင့်  လေထုညစ်ညမ်းမှုများကို သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှုဖြင့်   ဖြေရှင်းဆောင်ရွက်ကြရန် တူညီသော သဘောထားများကို ထုတ်ဖော်ပြောကြားခဲ့ကြသည်။

တစ်နိုင်ငံနှင့်တစ်နိုင်ငံ  အပြန်အလှန်လေးစားမှု၊  ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့က မိမိတို့သုံးနိုင်ငံစလုံးရှိ ပြည်သူလူထုတို့ ထိခိုက်ခံစားနေရသည့် မီးခိုးမြူငွေ့ညစ်ညမ်းမှု ပြဿနာကို အောင်မြင်စွာ ဖြေရှင်းနိုင်မည်ဟု ယုံကြည်မိပါကြောင်းနှင့်  ချစ်ခင်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ခြင်းက မည်သို့သော စိန်ခေါ်မှုမျိုးကိုမဆို   ရင်ဆိုင်ကျော်လွှားနိုင်သည့်  နိုင်ငံတကာ စံနမူနာကောင်းတစ်ရပ်အဖြစ်   ကမ္ပည်းတင်ရစ်မည်  ဖြစ်ပါကြောင်း။   ။

မြန်မာ့အလင်း