၂ အောက်တိုဘာ
အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပခဲ့သော (၇၃)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ စက်တင်ဘာလ ၂၈ ရက်နေ့ အထွေထွေ မူဝါဒရေးရာ ဆွေးနွေးပွဲတွင် မြန်မာ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ က အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားခဲ့ရာတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် နိုင်ငံရေးစနစ် အကြိမ်ကြိမ်ပြောင်းလဲခဲ့ပြီး ကောင်းမွေ၊ ဆိုးမွေ တို့ကို နိုင်ငံတော်နှင့် ပြည်သူတို့သာ အမွေဆက်ခံ ခံစားနေကြရသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ ထိုသမိုင်း အမွေများကို ဖြေရှင်းနိုင်ရေးအတွက် ပြည်သူက တစ်ခဲနက်ရွေးချယ်ခဲ့သော အရပ်သားအစိုးရ လက်ထက်၌ အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်း၍ သဟဇာတမျှတသော လူမှုအဖွဲ့အစည်းတစ်ရပ် ထူထောင်ရေးတို့ကို အခက်အခဲများစွာ၊ စိန်ခေါ်မှုများစွာဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ယင်းအခြေအနေများကို မကြာခဏ ရှင်းလင်းတင်ပြရခြင်းမှာ မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးသည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော် နေချိန်တွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍမှ နေရပ်စွန့်ခွာသွားသူများ အရေးမှာ နိုင်ငံတကာ အသိုင်းအဝိုင်းကြားတွင် ပိုမိုအရေးပါ အရာရောက်နေသဖြင့် မြန်မာနိုင်ငံ၏ အရေးအရာများ အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား အကောင်အထည်ဖော်နေသည်ကို သိစေလိုရင်းဖြစ်သည်။
ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံမဆို စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းသာယာရေးသည် အရေးအကြီးဆုံး လိုအပ်ချက်ဖြစ်သည်။ အေးချမ်းမှု၊ တည်ငြိမ်မှုမရှိသည့် နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေးမှာ မည်သို့မျှ တိုးတက်လာမည် မဟုတ်ချေ။ ထို့ကြောင့် ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရသည် နိုင်ငံ့တာဝန်စတင် ယူစဉ်အချိန်ကတည်းက အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ဦးစားပေး ဆောင်ရွက်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ တိုင်းပြည် ငြိမ်းချမ်းသာယာ ဝပြောစေရန်အတွက် ဆောင်ရွက်ရာတွင် စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကဏ္ဍများတွင်မျှတသည့် ဖွံ့ဖြိုးတိုးတက်မှု မရှိမဖြစ် လိုအပ်သည်ကို နိုင်ငံအားလုံး သိရှိနားလည် လက်ခံကြမည် ဖြစ်သည်။ ယင်းကို ရရှိရန်အတွက် မြန်မာနိုင်ငံအစိုးရမှ ကြိုးပမ်းဆောင်ရွက်နေသည်။ ထို့ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် နိုင်ငံတစ်နိုင်ငံ၏ ငြိမ်းချမ်းသာယာရေးကို အမှန်တကယ် ရှေးရှုသည် ဆိုပါလျှင် ဘက်စုံမျှတသည့် ရှုထောင့်အမြင်ဖြင့် ချဉ်းကပ်ဆောင်ရွက်ကြမှသာ သဘာဝကျသည့် ရပ်တည်မှုကို ရရှိနိုင်မည် ဖြစ်သည်။
ကမ္ဘာ့နိုင်ငံများကို ဦးဆောင်လျက်ရှိသည့် ကုလသမဂ္ဂအနေဖြင့်လည်း ၂၀၃၀ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ကို အကောင်အထည်ဖော် လျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း ထိုအစီအစဉ်နှင့် ကိုက်ညီသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (၂၀၁၈၂၀၃၀)ကို စတင် အကောင်အထည်ဖော်နေပြီ ဖြစ်သည်။ ထိုအစီအစဉ်များတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၊ သာယာဝပြောရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ပြည်သူများနှင့် ကမ္ဘာမြေဟူ၍ ပါဝင်ပြီး စီမံကိန်း၏ ရည်မှန်းချက်များတွင် ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ လုံခြုံရေးနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးတို့ ပါဝင်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ မျှော်မှန်းထားသည့် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်နှင့် အလားတူသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို စတင်အကောင်အထည်ဖော်နေပြီဖြစ်ရာ အဆိုပါ စီမံကိန်း အောင်မြင်ရေးအတွက် တစ်မျိုးသားလုံး¬ ကြိုးပမ်းအားထုတ်မှုများသာမက ဖွံ့ဖြိုးမှု မိတ်ဖက်များနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများပါ ပါဝင်ဆောင်ရွက်ကြမှသာ ရခိုင်ပြည်နယ်သာမက ပြည်ထောင်စုကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာမည်ဟု ယုံကြည်ပါကြောင်း။ ။
(ကြေးမုံ)