ပေါက်ပေါက်

 

မော်တော်ယာဉ် အပူရှိန်လွန်ကဲ မီးလောင်အန္တရာယ်ဖြစ်ပေါ်မှုသည် နွေမိုးဆောင်း ဥတုရာသီမရွေး၊ နေ့ည ချိန်ခါမရွေးဖြစ်တတ်သည်။ မြန်မာနိုင်ငံ၏ ရာသီဥတုအခြေအနေ၊ ယာဉ်၏ စက်ပိုင်းဆိုင်ရာချွတ်ယွင်းမှုများ၊ ဝိုင်ယာရှော့ခ်ဖြစ်ခြင်း၊ ယာဉ်မောင်းသူ၏ ပေါ့ဆမှု စသည့်အခြေအနေများကြောင့် ယာဉ်မီးလောင်မှုများ ဖြစ်ပွားကာ ယာဉ်မောင်းသူနှင့် ခရီးသည်တချို့ အသက်အန္တရာယ်ဘေးကြုံတွေ့ကြရသော သာဓက များစွာရှိနေပါ သည်။ အထူးသဖြင့် ယခုလို ပူပြင်းသော နွေရာသီတွင် ကားတစ်စီးလုံး၏အပူချိန်ကို အောက်ဖော်ပြပါ နည်းစနစ် များနှင့်အညီ လျှော့ချပေးခြင်းဖြင့် ယာဉ်အန္တရာယ်အမျိုးမျိုးမှ  ကြိုတင်ကာကွယ်ရာ ရောက်ပါသည်။

 

အဲကွန်းလျှော့၍သုံးပေးပါ

အယ်လ်နီညို၏ အပူဒဏ်ကြောင့် ကားအဲကွန်းကို အအေးဆုံးအခြေအနေမှာ ဖွင့်ထားခြင်းမပြုသင့်ပေ။ ထိုသို့   ဖွင့်ထားခြင်းက ကားအတွင်းပိုင်းအေးနေသော်လည်း ကားအပြင်ဘက် အစိတ်အပိုင်းများဖြစ်ကြသည့် အင်ဂျင်နှင့် အဲကွန်းကွန်ပရက်ဆာတွေမှာ  လုပ်ဆောင်ချက်မြင့်နေသဖြင့် ကား၏အပူချိန်ကို မြင့်တက်စေပါသည်။ ထို့ကြောင့် ကားအဲကွန်းကို အအေးဆုံးအနေအထားမှာ တစ်သမတ်တည်းမထားဘဲ တစ်လှည့်စီ အတိုးအလျှော့လုပ်ပေး သင့်ပါသည်။

 

ဘက်ထရီကို စစ်ဆေးပါ

ဘက်ထရီ၏ ကလစ်နှင့်ငုတ်တွေကို မထိတထိ မဆက်ပါနှင့်။ ထိထိမိမိဆက်ပါ။ ငုတ်တစ်ခုအတွက် ကြိုးတစ်ချောင်းစီ တပ်ဆင်ပါ။ ထို့ပြင် ကြိုးဆက်ရှိသော ဝိုင်ယာကြိုးဟောင်းနှင့် ကြိုးအဆွေးအမြည့်များကို လုံးဝမသုံးပါနှင့်။ သို့မဟုတ်ပါက အပူထွက်လာပြီး မီးလောင်စေနိုင်ပါသည်။

 

အင်ဂျင်အတွက် ရေကိုစစ်ဆေးပါ

ကားအင်ဂျင်အေးစေရန်အတွက် အသုံးပြုလျက်ရှိသော ဓာတုဆေးရည် (Coolant)ကို စစ်ဆေးပေးပါ။ အကယ်၍   အင်ဂျင်ဆေးရည်က လျော့နေခြင်း(သို့မဟုတ်) သက်တမ်းလွန်ဆေးရည်ဖြစ်ခြင်းတို့က အင်ဂျင်ကို မအေးစေသည့် အပြင် အပူရှိန်မြင့်တက်စေကာ အင်ဂျင်တစ်ခုလုံး ပျက်စီးစေပါလိမ့်မည်။

 

တာယာကို စစ်ဆေးပါ

ကားအမျိုးအစားအလိုက် ၎င်းကားတစ်စီးချင်းစီ၏ တာယာကြံ့ခိုင်ရေးအတွက် ရာသီဥတုပူပြင်းချိန်မှာ အသုံးပြု သင့်သော လေဖိအားပမာဏကို သတ်မှတ်ထားလေ့ရှိသည်။ ထို့ကြောင့်  မိမိကား၏ တာယာအရွယ်အစားနှင့်  လိုက်ဖက်သော လေဖိအားရှိနေစေရန် သတိထားသင့်သည်။ အကယ်၍ လေဖိအားများလွန်းသည်ဖြစ်စေ၊ လျော့နည်းလွန်း သည်ဖြစ်စေ ကားတာယာ၏ အပူရှိန်ကို မြင့်မားလာစေပါလိမ့်မည်။ ယခုလိုပူပြင်းသော ရာသီတွင် ကားတာယာကို  ပုံမှန်ရာသီဥတုတွင်  အသုံးပြု လေ့ရှိသည့်  လေဖိအားအောက်   အနည်းငယ် လျှော့သုံးသင့်ပါသည်။

 

ယာဉ်မောင်းရမှာကြောက်နေခြင်းနှင့် ယာဉ်အန္တရာယ်

ပထမဦးဆုံး ကားမောင်းသူ (သို့မဟုတ်) ကားမောင်းစဉ် မတော်တဆမှုဖြစ်ခဲ့ဖူးသူများက လမ်းပေါ်တက်ပြီး  ကားမောင်းသည့်အခါ   မိမိကိုယ်ကို ယုံကြည်မှုမရှိဘဲ ကြောက်စိတ်ဝင်တတ်ကြသည်။ မည်သို့ပင်ဖြစ်စေကာမူ ယာဉ်မောင်းသင်တန်းကို စနစ်တကျ လေ့လာသင်ကြားပြီးမှသာ ကားမောင်းသင့်ပါသည်။  ဖော်ပြပါ    ပုဂ္ဂိုလ်များ အနေဖြင့် အန္တရာယ်ကင်းစွာ ယာဉ်မောင်းနိုင်ဖို့အတွက် လင်းလင်းရှင်းရှင်းမြင်နိုင်သည့် နေ့ဘက်အချိန်မှာသာ မောင်းပါ။  တစ်ဦးတည်းမမောင်းဘဲ တစ်စုံတစ်ယောက်ကို အဖော်ပြုပါ။ တွန့်ဆုတ်တွန့်ဆုတ် မောင်နှင်ခြင်းက  မိမိအတွက်ရော တခြားသော မော်တော်ယာဉ်များကိုပါ အန္တရာယ်ဖြစ်စေနိုင်သဖြင့် သတ္တိရှိရှိ ဖြတ်သန်း မောင်းနှင်ပါ။ ယာဉ်အသွားအလာနည်းသော လမ်းကိုရွေးချယ်ပါ။ စိုးရိမ်စိတ်ကို ပြေလျော့စေနိုင်ဖို့အတွက်  မိမိကြိုက် နှစ်သက်သော သီချင်းသံကို ခပ်တိုးတိုးလေးဖွင့်၍ ကားမောင်းပါ။

 

စစ်ဆေးသင့်သော ယာဉ်အစိတ်အပိုင်းများ

  • ကားဒက်ရှ်ဘုတ်ပေါ်ရှိ    ကားအခြေအနေပြ ဒိုင်ခွက်များနှင့် မီးများ၊ ရှေ့မီး၊ ဘရိတ်မီးနှင့် အချက်ပြမီးများ၊ ကားဘီး၊ တာယာများ၊ အင်ဂျင်ဝိုင်အခြေအနေ၊ ဘရိတ် စသည်တို့ကို  နေ့စဉ်စစ်ဆေးပါ။
  • သုံးလတစ်ကြိမ် (သို့မဟုတ်) မော်တော်ယာဉ်ကို မိုင် ၃၀၀၀ မောင်းနှင်ပြီးသည့်အခါတိုင်း (က) ဘက်ထရီနှင့်  ဆက်သွယ်ကြိုးများ၊  (ခ) အင်ဂျင်ခန်းရှိ ခါးပတ်ကြိုးများ၊ (ဂ) အင်ဂျင်လေ စစ်ဆန်ခါ၊ (ဃ)  အင်ဂျင်ဝိုင်အခြေအနေ၊  (င)အိတ်ဇော၊ (စ) ရေတိုင်ကီနှင့် ရေပိုက်များ၊ (ဆ)ရှေ့မီးနှင့် အခြားမီးများ၊ (ဇ)  ပါဝါစတီယာရင် အဆီ၊ (ဈ) ရေသုတ်တံသုံး ဆပ်ပြာရည် (ည) တာယာအခြေအနေ စသည်တို့ကို စစ်ဆေးခြင်း၊ လဲလှယ်ခြင်းများ ပြုလုပ်သင့်ပါသည်။
  • ခြောက်လတစ်ကြိမ် (သို့မဟုတ်) မိုင် ၆၀၀၀ မောင်းနှင်ပြီးသည့် အခါတိုင်း (က) ဘော်ဒီ အစိတ်အပိုင်း များနှင့် သက်ဆိုင်သော ချောဆီ (ခ) အင်ဂျင်လေစစ်ဆန်ခါ (ဂ) အင်ဂျင်ဝိုင်အခြေ အနေ၊ (ဃ) ဘက်ထရီ အခြေအနေ၊ (င) ရေသုတ်တံရှိ ရော်ဘာအဖုံးများ၊ (စ) ရှေ့မီးများ စသည်တို့ကို စစ်ဆေးခြင်း၊ လဲလှယ်ခြင်းများ ပြုလုပ်သင့်ပါသည်။
  • ကိုးလတစ်ကြိမ် (သို့မဟုတ်)  မိုင် ၉၀၀၀ မောင်းနှင် ပြီးသည့်အခါတိုင်း (က) ဘက်ထရီနှင့် ဘက်ထရီ ကြိုးများ၊  (ခ) ဒိုင်နမိုနှင့် လျှပ်စစ်မော်တာများ၊  (ဂ) ဒက်ရှ်ဘုတ်ပေါ်ရှိ ဒိုင်ခွက်များ၊ ညအချိန် တွင် ဖော်ပြသောမီးများ၊   (ဃ)  အိတ်ဇောနှင့် ကာဗွန်ဒိုင်အောက်ဆိုက်စစ် ဆန်ခါများ၊  (င) ရေတိုင်ကီ၊ ရေတိုင်ကီဆန်ခါများ၊ ရေပိုက်များ (စ) ပါဝါစတီယာရင်အဆီ၊  (ဆ) ရှေ့မီးနှင့်ဘရိတ်မီးများ၊ (ဇ) အင်ဂျင်လေစစ်ဆန်ခါ စသည်တို့ကို စစ်ဆေးခြင်း၊ လဲလှယ်ခြင်းများ ပြုလုပ်သင့်ပါသည်။
  • ၁၂ လ (သို့မဟုတ်) မိုင် ၁၂၀၀၀ မောင်းနှင်ပြီး သည့်အခါတိုင်း  (က) မီးခိုးထုတ်လွှတ်မှုကို ထိန်းညှိပေး သည့်စနစ်များ၊  (ခ) အင်ဂျင်ခန်းရှိ ခါးပတ်ကြိုးများ၊  (ဂ) ကားရှေ့ခန်း  လေစစ်ဆန်ခါများ၊ (ဃ) ကားဘော်ဒီနှင့်ဆိုင်သော ချောဆီနှင့် အမဲဆီများ၊  (င) လေအေးပေးစက်နှင့် အပူပေးစနစ်များ၊  (စ) အင်ဂျင်လေစစ်ဆန်ခါ၊  (ဆ) ဆီပေးစနစ်ဆိုင်ရာ ကိရိယာများ၊  (ဇ) ဘီးအလိုင်းမင့်၊ (ဈ) ရေသုတ်တံ ရော်ဘာအဖုံးများ၊  (ည) ဂီယာဘောက်စ်နှင့် ဂီယာဝိုင်အခြေအနေ စသည်တို့ကို စစ်ဆေးခြင်း၊ လဲလှယ်ခြင်း များ ပြုလုပ်သင့်ပါသည်။
  •  

ကြိုတင်ပြင်ဆင်မှုဂရုပြု

ထူးခြားဖြစ်စဉ်များအနေဖြင့် အောက်ပါနည်းနာ များကိုလေ့လာ၍ အလိုရှိသလို အသုံးချတတ်ပါစေ။

  • ATF  (Automatic  Transmission   Fluid) ဆီသည် အင်ဂျင်၊ ပါဝါစတီယာရင် လုပ်ဆောင် ချက်များတွင် အဓိကအကျဆုံး ကြားခံပစ္စည်း ဖြစ်သဖြင့် မိုင် ၂၄၀၀၀-၃၆၀၀၀ ကြားမောင်းနှင်ပြီးပါက ATF ဆီလဲလှယ်ရန် လိုအပ်သည်။
  • ဘက်ထရီအိုးများ ယိုစိမ့်မှုရှိမရှိ၊ ဆက်သွယ် ထားသောကြိုးများ  သန့်ရှင်းသေချာမှုရှိ  မရှိ၊ သံချေးတက်ခြင်းရှိ မရှိ စသည်ဖြင့် ပုံမှန်စစ်ဆေး သင့်ပါသည်။ ဘက်ထရီအိုးများကို သုံးနှစ်ထက် ပို၍ မသုံးစွဲသင့်ပေ။
  • အင်ဂျင်၊ ဒိုင်နမိုနှင့် မော်တာများကြား ဆက်သွယ် ထားသော ခါးပတ်ကြိုးများလျော့နေခြင်း၊ ပုံမှန် အခြေအနေမရှိခြင်းများဖြစ်နေပါက အင်ဂျင် ခန်းတွင်းမှ ဆူညံသံများ ထွက်ပေါ်လေ့ရှိသည်။ ထို့ကြောင့် ခါးပတ်ကြိုးများကို စနစ်တကျရှိစေ ရန် စစ်ဆေးပြုပြင်ပါ။ မိုင် ၆၀၀၀၀- ၉၀၀၀၀ ကြား မောင်းနှင်ပြီးပါက ခါးပတ်ကြိုးများကို လဲလှယ်ပေးပါ။
  • ဘရိတ်စနစ်တစ်ခုလုံးတွင် ပါဝင်သော ရှူးများ၊ ဆုံများ၊  ဒရမ်များနှင့်  အစိတ်အပိုင်းအားလုံးကို  ခြောက်လတစ်ကြိမ် ကျွမ်းကျင်သူများနှင့် စစ်ဆေးသင့်ပါသည်။ ဘရိတ်ဆီကို မိုင် ၂၄၀၀၀ မောင်းနှင်ပြီးနောက် အသစ်လဲလှယ်ပါ။
  • ကားအင်ဂျင်အတွက်  အဓိကကျသောစနစ်တစ်ခုဖြစ်ပြီး ရေတိုင်ကီအတွင်းရှိ ရေပမာဏကို အမြဲ စစ်ဆေးပေးရပါမည်။  ရေဆုံးရှုံးမှုပမာဏ များပြားနေခြင်းသည် ရေတိုင်ကီယိုစိမ့်ခြင်း (သို့မဟုတ်) ရေပိုက်များ ပေါက်နေခြင်းတို့ကြောင့်ဖြစ်တတ်၍ စစ်ဆေးခြင်းနှင့် အသစ်လဲလှယ်ခြင်းများ ပြုလုပ် ပေးရပါမည်။
  • အင်ဂျင်ဝိုင်ကို   ကားမိုဒယ်အမျိုးအစားပေါ် မူတည်၍ အနည်းဆုံးမိုင် ၃၀၀၀ မှ အများဆုံးမိုင် ၅၀၀၀ အထိ မောင်းနှင်ပြီးတိုင်း လဲလှယ်သင့်ပါ သည်။ ဆီစစ်ဆန်ခါများကိုလည်း အလားတူပင် လဲလှယ်သင့်ပါသည်။
  • ပုံမှန်မဟုတ်သော အသံများ  ထွက်ပေါ်ခြင်းနှင့် ဆူညံသံများဖြစ်ပေါ်လာပါက  မပျက်မကွက် စစ်ဆေးခြင်း၊  ပြုပြင်ခြင်းများ ပြုလုပ်ပေးရပါမည်။
  • ကားအင်ဂျင်က မီးကူးရန် အဓိကလုပ်ဆောင်ပေးရသည့် အစိတ်အပိုင်းဖြစ်ပြီး မိုင် ၃၀၀၀၀ မောင်းနှင် ပြီးနောက်   စစ်ဆေးသင့်ပါသည်။ လိုအပ်ပါက အသစ်လဲလှယ်ပါ။
  • ကားတာယာများ၏ ဖိအားနှင့် ပန်းအခြေအနေ ကို ပုံမှန်စစ်ဆေးပေးရပါမည်။
  • အချို့ရေသုတ်တံများက သတ်မှတ်ဆပ်ပြာဆီကိုသာ အသုံးပြုရန်   ကန့်သတ်ထားသည်ကို သတိပြုပါ။ ရေသုတ်တံရှိ ရော်ဘာအဖုံးများကို လည်း ခြောက်လတစ်ကြိမ် လဲလှယ်သင့်ပါသည်။
  • ပါဝါဆီ၊ ဆီပိုက်၊ တိုက်ရော့၊ အလိုင်းမင့်၊ ရှော့အိတ်ဇောဘားနှင့် ဘောဂျွိုင်းများကိုလည်း ပုံမှန်အခြေအနေရှိ  မရှိ တစ်လတစ်ကြိမ် ပုံမှန်စစ်ဆေးသင့်ပါသည်။ အင်ဂျင်လေစစ်ဆန်ခါများ၊ လေအေးပေးစက်နှင့် အပူပေးစက်တွင်  အသုံး ပြုထားသော  လေစစ်ဆန်ခါများကို  သုံးလ တစ်ကြိမ် စစ်ဆေးသင့်ပါသည်။ ကားဆေးသား တာရှည်ခံစေရန်အတွက် ပုံမှန်ရေဆေးသင့်ပြီး အရောင်တင်ခြင်း၊ ဖယောင်းတိုက်ခြင်း များကိုလည်း တစ်လနှစ်ကြိမ်ခန့် ပြုလုပ်သင့်ပါသည်။
  •  

သတိပြုရန် လိုက်နာရမည့်အချက်များ

(က) ယာဉ်တိုက်မှုကင်းဝေးစေရန် မိုင်ကျော်၍ မမောင်းပါနှင့်။ (ခ) ကားပြိုင်မမောင်းပါနှင့်။ (ဂ) မူးယစ် အရက်သေစာ သောက်သုံးပြီး မမောင်းပါနှင့်။ (ဃ) အာရုံလွင့်ပျံ့ရင်း မမောင်းပါနှင့်။ (င) ဖုန်းပြောရင်း မမောင်း ပါနှင့်။ (စ) အိပ်ငိုက်ရင်း မမောင်းပါနှင့်။ (ဆ) ခရီးသည်များ၏ ဘေးကင်းလုံခြုံရေးကို ဦးစားပေးပါ။     ။