မိုးမြင့်

ကိုဗစ်ဗိုင်းရပ်စ်ပြီးတော့ သတင်းဗိုင်းရပ်စ်က လာပြန်သည်။ ကမ္ဘာရော မြန်မာမှာပါ အတူတူပင်။ ကူးစက်နှုန်းက မခြားနား၊ မြန်လှသည်၊ ကိုဗစ်ဗိုင်းရပ်စ်က တစ်ကမ္ဘာလုံးကို တစ်မုဟုတ်ချင်း ကူးစက်သွားသလို သတင်းတု၊ သတင်းမှားကလည်း စက္ကန့်ပိုင်း၊ မိနစ်ပိုင်းအတွင်း ပျံ့နှံ့သွားသည်သာ၊၊ ကိုဗစ်ပိုးက လူတွေကို ဆေးမမီ၊ ချက်ချင်းသေသည်အထိ ဒုက္ခပေးခဲ့သလို သတင်းတု၊ သတင်းမှား၊ လုပ်ကြံသတင်းဆိုသည်ကလည်း လူ့အဖွဲ့အစည်းကြီး ဖရိုဖရဲပြိုကွဲ၊ သေကျေပျက်စီးသည်အထိ ဒုက္ခပေးသည်မှာ အတူတူပင်ဖြစ်သည်။ ကိုဗစ်တုန်းကလည်း လူတွေချောက်ချား၊ စိတ်ဆင်းရဲသောက ရောက်ကြရ၊ ယခုလို ဝါဒဖြန့်သတင်းတွေကျတော့လည်း လူတွေပူပင်သောက မလုံခြုံဖြစ်ကြရပြန်သည်။

ကမ္ဘာမှာ ကပ်ကြီးသဖွယ်ဖြစ်ခဲ့သည့် ရောဂါဆိုးကြီးကို လူတွေထိန်းချုပ်နိုင်ပြီးသကာလ ယခုလို သတင်းမီဒီယာကပ်ကြီးမှာတော့ လူတွေ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ကြ၊ မစဉ်းစား၊ မချင့်ချိန်နိုင်ကြသေးပါ။ သတင်းအဆိပ်မိပြီး ဆင်ခြင်တုံတရားမရှိ အမုန်းတရားပွားနေကြဆဲဖြစ်သည်။ အဓိကအချက်က မိမိကိုယ်မိမိ ကြိုတင်သတိထား ကာကွယ်ရန်သာဖြစ်သည်၊၊ ရောဂါမဖြစ်အောင်နှင့်ဖြစ်လည်း သက်သာအောင်  ကိုယ်ခံအားကောင်းစေသည့် ဗိုင်းရပ်စ်ကာကွယ်ဆေးများက အရေးပါခဲ့သလို တစ်ဦးနှင့်တစ်ဦး လူတွေခပ်လှမ်းလှမ်းနေကြ၊ နှာခေါင်း၊ ပါးစပ်အုပ်ကြ၊ လက်ဆေးကြနှင့် အတော် ထိထိရောက်ရောက်ရှိခဲ့ကြ၍သာ ကိုဗစ်ပိုးက အရှုံးပေးခဲ့ရခြင်းဖြစ်သည်ကို သိရှိသင်ခန်းစာယူနိုင်ရပါမည်။

စိတ်ဓာတ်ကိုယ်ခံအားမြှင့်တင်ထားရန်

ယခုလိုကာလ ကမ္ဘာမှာရော မြန်မာမှာပါ ဒုက္ခပေးလွန်းလှသည့် သတင်းမှား (misinfor-mation)၊ သတင်းတု (fake)၊ လုပ်ကြံသတင်း (disinformation)၊ စိတ်ဓာတ်ကျစေမည့် ဝါဒဖြန့် စစ်ဆင်ရေး (psychological warfare) ဗိုင်းရပ်စ်ပိုး တွေကို လူတွေအထူးသတိရှိ ရှောင်ကြဉ်နိုင်ဖို့ လိုအပ်နေပါသည်။ အခြေအမြစ်မရှိ ဒုက္ခပေးနိုင်သည့် သတင်းစုံဗိုင်းရပ်စ်များကြောင့် ပြည်သူများ သောကရောက်ရ၊  စိတ်ဆင်းရဲရ များစွာဖြစ်ရသည်။

ကိုဗစ်ကို ကာကွယ်အောင်နိုင်ခဲ့သည့် အခြေခံနည်းလမ်းများအတိုင်း ရိုးရိုးရှင်းရှင်း တွေးတတ်၊ စဉ်းစားတတ်၊ နေတတ်ထိုင်တတ်၊ ပြောတတ်ဆိုတတ်လျှင် အဆင်ပြေပါပြီ။ ကိုယ်ခံအားမြင့်ဖို့ ကာကွယ်ဆေးများ ထိုးနှံခဲ့ကြသလို သတင်းတစ်ခု အမှားအမှန်၊ အစစ်အတု ခွဲခြားနိုင်ဖို့၊ ပုံဖျက်သတင်း တစ်ခုကို အစဖော်နိုင်ဖို့၊ လုပ်ကြံဝါဒဖြန့်သတင်းကို လုပ်ကြံဝါဒဖြန့်နေမှန်းသိဖို့က ကိုယ့်ဆီမှာ သုတအစာ၊  ကျွမ်းကျင်မှုအာဟာရနှင့် မှန်ကန်သော ခံယူချက်များကို ကြိုတင်ဖြည့်ဆည်းထားရန် လိုအပ်ပါမည်။

လူနုံ၊ လူအ၊ အစွမ်းအစမရှိ၊ လူတုံးလူနများ ဖြစ်မသွားဖို့က မိမိစေတနာသည် အဓိကဖြစ်ပါသည်။ ဟိုဟာကိုမယုံရ၊ ဒီဟာကိုတော့ယုံပါဟု ပြောနေခြင်း မဟုတ်ပါ။ မှန်မမှန်၊ စစ်မစစ် ခွဲခြားပိုင်းဖြတ် ဆက်စပ်စဉ်းစားပြီး စိစစ်သုံးသပ်နိုင်ရေး critical thinking နှင့် analytical skill ရှိရန်ကို ဆိုလိုပါသည်။

စဉ်းစားပုံစဉ်းစားနည်း တွေးပုံတွေးနည်းကအရေးကြီး

သတင်းမှန်သမျှ  အချက်အလက်မှန်သမျှ ရအောင်ယူ၊ လက်ခံသင့် မသင့်၊ ကိုးကားသင့် မသင့်က ကိုယ့်ကိစ္စဖြစ်သည်။ ကိုယ်မခံရရေး၊ ကိုယ်မမှားရေးအတွက် လေးလေးနက်နက်ထား၍ စိစစ်ပိုင်းခြားနေရန်ကို ဆိုလိုပါသည်။ အမြဲတမ်း လေ့ကျင့်သင်ယူနေရန်ပင်ဖြစ်သည်။ ယူတတ်လျှင် ယခုကမ္ဘာ့အရေး၊ မြန်မာ့အရေးများသည် ယနေ့လူငယ်များအနေဖြင့်  စဉ်းစားပုံစဉ်းစားနည်း၊ တွေးတတ်ခေါ်တတ်အောင် လေ့ကျင့်သင်ယူရာ ကစားကွင်းများအဖြစ်  အခွင့်အလမ်းသဖွယ် အသုံးချသင့်သည်၊၊

များများစဉ်းစားပြီး အသိဉာဏ်တိုးအောင် အားထုတ်သင့်ကြသည်။ အတိတ်သမိုင်းကိုလည်း ကျေညက်နေသင့်ပါသည်။ သတင်းတစ်ခုဝင်လာလျှင် ဘယ်သတင်းဌာနကလဲ၊ ဘယ်သူကပြောတာလဲ၊ ဘာဖြစ်တာလဲ၊ ဘယ်နေရာမှာ ဘယ်အချိန်မှာ ဘယ်လိုဖြစ်တာလဲ၊ ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်သူ့ကို ဘာရည်ရွယ်ချက်နဲ့လုပ်သလဲ စသည်ဖြင့် “ဘ”  တွေ စုံအောင် စဉ်းစားနိုင်စွမ်းရှိရပါမည်။

ဖြစ်နိုင်၊ မဖြစ်နိုင် ကိုယ့်ကိုယ်ကိုယ် ထပ်ကာ ထပ်ကာ စဉ်းစားပေးသင့်သည်။ သတင်းကို channel ပေါင်းစုံကနေ လိုက်သင့်သည်။ Facebook ၊ TikTok ၊ Telegram လူမှုကွန်ရက်များအပါအဝင် BBC ၊ VOA ၊ RFA ၊  သတင်းဌာန အစုံအစုံ၊ MRTV ၊ MWD သတင်းဌာန များပါအချိန်ပေး၍ အကုန်ဖတ်၊ အကုန်နားထောင် ကြည့်ပါ။ အမှန်နှင့် အမှားဖြစ်နိုင်၊ မဖြစ်နိုင်ခွဲခြား သိလာပါလိမ့်မည်။ နိုင်ငံနှင့်လူမျိုးအပေါ် သစ္စာရှိပြီး တာဝန်ယူ တာဝန်ခံမှု အပြည့်ရှိသော၊ အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်နေသော မီဒီယာသမားများ စံနှုန်းပြည့်သတင်းဌာနများလည်း ရှိပါသည်။

အစိုးရက တရားဝင်သတင်းများကိုတော့ မယုံ၊ ဝါဒဖြန့်သည်ဟု ထင်မှတ်မှားပြီး ကျန်အဓိက အဖျက်အားပေးသတင်းဌာန၊  လူမှုကွန်ရက်များက ထုတ်လွှင့်ရေးသားသော အကြမ်းစားဝါဒဖြန့်ချက်များကိုတော့ ဝါဒဖြန့်သတင်းဟု မမှတ်ယူ၊ အယုံလွယ်၊ ယုံကြည်ကြသူများရှိနေသည်မှာ အံ့ဩစရာ ဖြစ်သည်။ ပုံဖော်ခံနေရလား၊ ပုံသွင်းခံနေရလား၊ နိုင်ငံရေး အကျိုးအမြတ်ကြောင့်လား၊ စီးပွားရေး အကျိုးအမြတ်ကြောင့်လား မစဉ်းစား။ ထို့ကြောင့် အကုန်မှားကြတော့သည်။ အဖြစ်မှန်ကို မြေပြင်သတင်းရအောင် စုံစမ်းတိုက်ဆိုင်စစ်ဆေးကြည့်တာ တောင်မှ အဆိုးမြင်သမား၊ အဖျက်အားပေး၊ ကိုယ်ခံအားမပြည့်၊ အသိဉာဏ်နည်းသူနှင့် တွေ့ရ လျှင် ပို၍ဆိုး မှားသထက်မှားကြပြန်သည်၊၊

ကဏ္ဍစုံမှာအကုန်ပါ မဟုတ်တာအကုန်လွှင့်

 အဓိကအချက်က မိမိတို့အလိမ်မခံရရေးအတွက် တင်ပြနေခြင်းသာဖြစ်သည်။ အလိမ်ခံရ၍ မိမိနှင့် မိမိ မိသားစုရော၊ မိမိပတ်ဝန်းကျင်၊ လူ့အဖွဲ့အစည်းပါ ဘယ်လောက်ထိခိုက်နစ်နာ ဆုံးရှုံးခဲ့ရပါသလဲ၊ ပြန်လည်နောက်ကြောင်းပြန်ကြည့်ပါ။ မိမိတို့နား၊ မျက်စိများက  ဝင်လာသမျှ အာရုံပေါင်းစုံကို လက်ခံခဲ့ကြသည်။ ဟုတ်တာရော၊ မဟုတ်တာ ရောပါမည်။ လက်ခံမိသမျှ၊ ယုံကြည်မိသမျှ သတင်းတွေကို မိမိပါးစပ်ဖြင့် ပြန်လည်ဖြန့်ဝေမိခဲ့ကြမည်။ သတိထားမိလျှင် သိသာပါသည်။

မြန်မာနိုင်ငံမှာ အရေးပေါ်၊ အရေးကြီး အခြေအနေများကြုံရတိုင်း ပြည်သူလူထုနှင့် ပတ်သက်သော သတင်းမှား၊ သတင်းတုများ ပုံမှန်ထွက်လာတတ်သည်။ စက်သုံးဆီကိစ္စ၊ ဘဏ်ကိစ္စ၊ ငွေကိစ္စ၊ ဒေါ်လာကိစ္စ၊ ကုန်ဈေးနှုန်းသတင်းများ ဖောင်းပွလာတတ်သည်။ အဆိုးမြင် သွေးထိုးလှုံ့ဆော်အားပေး သည့် မီဒီယာများနောက် ကောက်ကောက်ပါ၊ မမှန် သတင်းများနောက်ကိုလိုက်ပြီး စိစစ်နိုင်ခြင်းမရှိ၊ အကြောက်လွန်၊ အစိုးရိမ်လွန် panic ဖြစ်၍ အလုအယက်တန်းစီကြ တိုးဝှေ့ကုန်ကြတော့သည်။

ကောလာဟလကြောင့် ကိုယ့်ထက်စိုးရိမ်တတ်သူ၊ လောဘကြီးသူများရှိသမျှ ထုတ်ယူကြပြီးမှတော့ မိမိအလှည့်အရောက်မှာ ထုတ်စရာမရှိတော့သည့်၊ ပို၍ပူပန်ရသည့် အခြေအနေရောက်ရသည်မှာ ဘာမှအထူးအဆန်းမဟုတ်ပါ။ ၂၀၂၁ နိုင်ငံတော် အာဏာ ထိန်းခါစ သတင်းအမှားများစွာကြုံခဲ့ရ၊ ခံခဲ့ရပြီး လူငယ်များ၊ ဝန်ထမ်းများ လမ်းမှားရောက်ခဲ့ရသည့် အဖြစ်ကို သင်ခန်းစာယူအမှတ်ရစေလိုသည်။

ယခုလည်း နိုင်ငံအရှေ့မြောက်၊  အနောက် တံခါးဝ၊ ကရင်၊ ကယားနေရာအချို့မှာ လုံခြုံရေးကိစ္စများဖြစ်သည်နှင့်တစ်ပြိုင်နက်  စက်သုံးဆီ၊ ဘဏ်ငွေကြေးသတင်းများ  တက်လာပြန်သည်။ ဘဏ်များတွင် အကြမ်းဖက်များ ဖောက်ခွဲတိုက်ခိုက်၊ ဖျက်ဆီးလုယက်မှုနှင့် တစ်ချိန်တည်း တစ်ပြိုင်တည်း အခွင့်ကောင်းယူ  လှုံ့ဆော်လိုက်ခြင်းဖြစ်သည်။ ဘဏ်တွင် ငွေထုတ်မရတော့မှာ၊ စက်သုံးဆီဆိုင်များတွင် ဆီထုတ်မရတော့မှာ အစိုးရိမ်လွန်ပြီး သောကအပူများဖြင့် တွေဝေသွားခြင်းဖြစ်တန်ရာသည်။

အကြမ်းဖက်နှင့် အိမ်ခြံမြေ၊ ငွေဈေးကစားသူ၊ ကုန်ဈေးနှုန်းကစားမည့် ဝိသမလောဘသမားများ၏ အကွက်ထဲဝင်သွားခြင်းပင်ဖြစ်သည်။  အာမခံမှု အပြည့်အဝရှိသော နိုင်ငံတော်ဘဏ်များအနေဖြင့် ပြည်သူအပ်နှံငွေများ ထုတ်ယူရန် အကန့်အသတ် မထားပါ၍ အဆင်မပြေဖြစ်စရာ အကြောင်းမရှိပါ။ ဘဏ်အကြောင်း သိအောင်လုပ်၊ မိမိအပ်နှံငွေက မည်သည့်အမျိုးအစားလည်း သိအောင်လုပ်ထားရန် သာဖြစ်သည်။ စီးပွားရေးကဏ္ဍတွင်မက ပညာရေး ကဏ္ဍကိုပါ တစ်ခုပြီးတစ်ခု မဟုတ်မမှန်ထုတ်လွှင့်သည်။ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်၊ ကောလိပ်များပိတ်မည်ဟု သတင်းလွှင့်ပြန်သည်၊၊ အမှန်က မည်သည့်တက္ကသိုလ်၊ ကောလိပ်မှမပိတ်၊ ကျောင်းများတွင် တီးတိုးဝါဒဖြန့်သည်။ နိုင်ငံ၏အနာဂတ်၊  ကျောင်းသား ကျောင်းသူများ၏ အနာဂတ်ကို ဖျက်ဆီးနေခြင်းပင်ဖြစ်သည်။

ထိုနည်းတူ လုံခြုံရေးကိစ္စရပ်မှာလည်း မချန်၊ ဖြတ်၊ ညှပ်၊ ကပ် ဆိုက်ဝါးဖြင့် မဟုတ်မမှန် အကုန်လွှင့်သည်။ ယခုပဲချက်ချင်း မိမိတို့နေထိုင်ရာ၊ တာဝန်ကျရာ မြို့ရွာ ဒေသတွေကနေ စွန့်ခွာထွက်ပြေးရမလို၊ ဗုံးခိုကျင်းပဲ ပြေးတူးရတော့မလို၊ နိုင်ငံ့ဝန်ထမ်းများ ဆိုလျှင် အဝေးနေမိဘများခမျာ မလိုအပ်ဘဲစိုးရိမ် သောက ရောက်ကြရသည်။ တိုက်ပွဲများတွင် ရန်သူဘက်က အကျအဆုံးများလာပြီဆိုလျှင် နိုင်လျှင် ငါတို့၊ ရှုံးလျှင်ပြည်သူတွေ ဖြစ်ကုန်သည်၊ သူတို့အကျ အဆုံးပုံရိပ်ကို တပ်မတော်က အဆိပ်ငွေ့ဖြင့် တိုက်ခိုက်သည်ဆိုသည့်ဝါဒဖြန့်ချက်ဖြင့် ပုံဖျက်သည်။ ဟိုစခန်းကျ၊ ဒီစခန်းကျ မဟုတ်တာရော ဟုတ်တာပါ ရောထွေးစိတ်ဓာတ်ကျပြီး ဝေဝေဝါးဝါးဖြစ်အောင် လုပ်တတ်ကြသည်။

သွန်လိုသွန် မှောက်လိုမှောက် အသုံးချခံများမဖြစ်သင့်

နိုင်ငံတော်ကလည်း သတင်းမှန်များကို ရေးသားပေး၊ ထုတ်လွှင့်ပေးနေတာပါပဲ။ မှန်၊ မမှန် ကိုယ်တိုင်စိစစ်တတ်ဖို့၊ လက်ခံတတ်ဖို့သာလိုပါသည်။ မဟုတ်လျှင် ကာယကံရှင်ခမျာ ဒုက္ခများ၊ သောကများ၊ ပူရပန်ရ စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ရရှာသည်။ ကိုဗစ်တုန်းက နှာခေါင်းပါးစပ်စည်း၊ လက်ကိုရောဂါ ပိုးသေအောင် စနစ်တကျဆပ်ပြာဖြင့် ဆေးပြီး ရောဂါပိုးမဝင်အောင် ကာကွယ်ခဲ့ကြသလို မိမိမျက်စိ၊ နား၊ ပါးစပ်ကိုလည်း မဟုတ်တာ၊ မမှန်တာတွေ ဝင်မလာအောင် လုံအောင်ထားပြီး စိတ်ကိုလည်း ရှင်းနေအောင် ခံယူချက်မှန်မှန်ထား၍ သတင်းတု၊ သတင်းမှားများ လက်မခံမိအောင် စိစစ်သုံးသပ်သင့်ပါသည်။

ဟုတ်မှန်ပြီး မိမိအတွက်၊ အများအတွက် အကျိုးရှိ၊ အသုံးတည့်မည့် သတင်းစကားများကိုသာ စိစစ်လက်ခံသင့်ပါသည်။ အကျိုးမရှိသည့် သတင်း များ၊ မခိုင်မာသည့် အချက်အလက်များအတွက် မိမိကိုယ်မိမိ  အမှိုက်ပုံးမဖြစ်သင့်၊  အချိန်ကုန်မခံသင့်ပါ။

သွန်လိုသွန်၊ မှောက်လိုမှောက်၊ လိုသလိုအသုံးချခံ ဘဝများ မရောက်သင့်ပါ၊၊ မီဒီယာကို ကောင်းကောင်း ချုပ်ကိုင်ထားနိုင်သူများကြားထဲကမှ ယုံကြည်ရသော အချိန်ယူ စိစစ်ထုတ်လွှင့်တတ်သည့် သတင်းဌာနများကိုသာ စောင့်၍နားထောင်သင့်၊ ဖတ်ရှုသင့် သည်ဟု တိုက်တွန်းလိုပါသည်။

ယနေ့အချိန်အခါတွင် လူတွေနားဝေတိမ်တောင်ဖြစ်အောင် ကောလာဟလများကို တစ်ခုမဟုတ်တစ်ခု အချိန်ကိုက်ထုတ်လွှင့်နေကြဆဲဖြစ်သည်ကို သတိပြုကြရန်သာ လိုပါသည်၊၊ သူတို့အနေဖြင့် စိတ်ခံစားလွယ်သူ၊ အကဲဆတ်သူများ၊ အာဃာတကြီးသူ များကို စရိုက်ကိုဝိုက်၍ ကောက်ကျစ်စွာအသုံးချ နေကြဦးမည်ပင်ဖြစ်သည်။ အသွင်ယူ အယုံသွင်း မည်၊ မြှောက်မည်၊ သွေးထိုးမည်၊ သွေးခွဲမည် စသည်ဖြင့်...။

ထို့ကြောင့် ပြည်သူများအနေဖြင့် ဆင်ခြင်တုံတရား ရှေ့ကာထား၍ အရာရာကို အယုံမလွယ်ရန်၊ ချင့်ချိန်စဉ်းစားရန် တင်ပြလိုပါသည်။ ဒီလိုလူတွေ ရှိနေသမျှ နောင်လည်းလာနေဦးမည်သာဖြစ်သည်။ အများကြီး  အတွေ့အကြုံရှိခဲ့ကြပြီဖြစ်သလို သင်ခန်းစာများလည်း ရသင့်သလောက်ရခဲ့ကြပါပြီ၊ ပေးဆပ်မှုများလည်း ရှိခဲ့ကြပါပြီ။ ယခုလို ကာလသည် တပ်မတော်၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့်ရော နိုင်ငံ့ဝန်ထမ်းများပါ နိုင်ငံကို တည်ငြိမ်အေးချမ်း အောင်၊  ပြည်သူများ၏ စားဝတ်နေရေးလုံခြုံမှု ရအောင်  အချို့နေရာများတွင်  အသက်ပေး၍ အပြင်းအထန် အပင်ပန်းခံကြိုးစားနေရသည်မှာ မှန်ပါသည်။ မိမိကိုယ်တိုင်ကသာ  အပူများကို လက်မခံမိဖို့လိုသလို ပါးစပ်ငှားအဖြစ်ခံ၍ မီးမွှေးသူ မဖြစ်မိအောင်သာ သတိထား ရှောင်ကြဉ်အပ်ပါသည်။

ပြည်သူလူထုကို အခက်အခဲဖြစ်အောင်၊ နိုင်ငံ၊ လူမှုစီးပွားဘဝများပျက်ပြားအောင် အချိန်ကိုက် ကောလာဟလ လွှင့်ထုတ်မှုများကို ယနေ့အချိန်မှာ အထူးသတိထားကြရန်ပင် ဖြစ်ပါသည်၊၊ အဖျက် သမားဆိုသည်မှာ ခိုင်းတာလုပ်၊  ကျွေးတာစား အဆင့်၊ ဘာမျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်မှလည်းမရှိ။ ဘာကျင့်ဝတ်မှလည်း  မလိုက်နာ၊ ဖျက်ဆီးရေး ပျက်စီးရေးသက်သက်သာ ရှေးရှုသည်။ မီဒီယာကျင့်ဝတ်၊  လူ့ကျင့်ဝတ်ဆိုတာမရှိ၊၊ အလုံးစုံ ပျက်သုဉ်းရေး သတင်းမှားများဖြင့် မှိုင်းတိုက်ရန်သာ ဖြစ်သည်။

အရေးအကြီးဆုံးက နိုင်ငံသားများအနေဖြင့် သမိုင်းအမှန်ကို သိအောင်လုပ်၊ ဗဟုသုတ ပြည့်မီ အောင်ကြိုးစားပြီး နိုင်ငံချစ်စိတ် နိုင်ငံသားကောင်း ပီသသော ခံယူချက်ကောင်းများဖြင့် ရောထွေး၊ ရှုပ်ယှက်နေသော အချက်အလက်များ၊ သတင်းများ အပေါ် စိစစ်ပိုင်းခြားသုံးသပ်နိုင်စွမ်းကို လေ့ကျင့်ပျိုးထောင်ပြီး မိမိတို့၏ကိုယ်ခံစွမ်းအားကို မိမိတို့ကိုယ်တိုင် မြှင့်တင်ကြရန်ပင် ဖြစ်ပါသည်။

သတင်းမှန်သမျှ ရာနှုန်းပြည့် တာဝန်ယူနိုင်သူသည် မိမိကိုယ်တိုင်သာဖြစ်သည်ဆိုသည့် အရည် အသွေးမျိုးရှိရန်အထိ စဉ်းစားတတ်သူများဖြစ်လျှင် ပို၍မကောင်းပေဘူးလား...။ လူ့အဖွဲ့အစည်းတစ်ခု ကိုယ့်ကြောင့်လည်း  မပျက်စီးစေသင့်သလို သူ့ကြောင့်လည်း ယိမ်းယိုင်မသွားအောင် ဂရုပြုသင့်ပါသည်။ သို့မှသာ တရားဥပဒေစိုးမိုးမှုအပြည့်ဖြင့် ထာဝရအေးချမ်းတည်ငြိမ်မှုကို ရရှိလာနိုင်ပါလိမ့်မည်။ ။