ပူတာအို ဒီဇင်ဘာ ၁၄
ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက VDP ကျေးရွာ ထောက်ပံ့ငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်းက မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးညီညီက အဖွင့်အမှာစကားနှင့် VDP ကျေးရွာ ထောက်ပံ့ငွေလွှဲပြောင်းပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာသော ကျေးရွာသုံးရွာမှ ကျေးရွာဖွံ့ဖြိုးရေးကော်မတီများက ကျေးဇူးတင်စကား ပြောကြားကြသည်။
ဆက်လက်၍ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (၆)လဘတ်ဂျက်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ရခွီဖူးကျေးရွာတွင် ကျေးရွာချင်းဆက် ဆိုင်ကယ်လမ်းအရှည် (၁/၂)မိုင်၊ ဝခယ်ကျေးရွာတွင် ကျေးရွာချင်းဆက် ဆိုင်ကယ်လမ်းအရှည် (၁/၄)မိုင်နှင့် နမ်ဘူကျေးရွာတွင် အရှည်ပေ(၁၄၀)ရှိ ကြိုးတံတားစီမံကိန်းတို့အတွက် ကျေးရွာတစ်ရွာလျှင် နိုင်ငံတော်ထောက်ပံ့ငွေကျပ်သိန်း (၁၀၀)စီ စုစုပေါင်းငွေကျပ် သိန်း(၃၀၀)အား ကျေးရွာငွေစာရင်းရှင်သို့ လွှဲပြောင်းပေးအပ်သည်။
ခေါင်လန်ဖူးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (၆)လဘတ်ဂျက်အတွင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ VDP စီမံကိန်းကျေးရွာသုံးရွာနှင့် စိမ့်စမ်းရေသွယ်ယူခြင်း လုပ်ငန်းကျေးရွာသုံးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးညီညီထံမှ သိရသည်။
ဖုန်ကန်(ပူတာအို)


