နေပြည်တော်   ဒီဇင်ဘာ   ၃

 

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးသည် ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းနှင့်အတူ နိုဝင်ဘာ ၂၉ ရက်က နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် မဂွေဇ-ခေါင်လန်ဖူး ၆၅ မိုင် ၄ ဖာလုံ  လမ်းဖောက်လုပ်ခြင်း လုပ်ငန်းခွင်သို့ သွားရောက်စစ်ဆေးခဲ့သည်။

 

ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဆန်းလွတ်ချက် တောင်ထိပ် Level နှိမ့်ခြင်း ဆောင်ရွက် နေမှုကို လည်းကောင်း၊ ဆန်းလွတ်ချက်နှင့် ရီဒမ်းကြိုးတံတားကြား လမ်းကြောင်းအခြေအနေများကို လည်းကောင်း စစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

 

ဆက်လက်၍ ရီဒမ်းကြိုးတံတားသို့ရောက်ရှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားအထူးအဖွဲ့က ရီဒမ်းတံတား ဆောက်လုပ်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် အစီအမံများအား ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးက လုပ်ငန်းများ အောင်မြင်ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ပြီး လမ်းကြောင်းတစ်လျှောက် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပြီးစီးခဲ့မှု လုပ်ငန်းများနှင့် ဆက်လက် လုပ်ဆောင်ရမည့်လုပ်ငန်းများကို စစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးသည်။

 

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နိုဝင်ဘာ ၃၀ ရက်တွင် ခေါင်လန်ဖူးမြို့ ခန်းမ၌ မြို့မိ မြို့ဖများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ လမ်းစီမံကိန်းတွင် ပါဝင်ဆောင်ရွက်နေသည့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ စစ်အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များနှင့် ဒေသခံဌာနေလုပ်သားများကို ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် ခေါင်လန်ဖူး မြို့တွင်းလမ်း၊ မြို့ရေပေးရေး၊ မြို့နယ်ပြည်သူ့ဆေးရုံနှင့် မြို့မဈေး ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒီဇင်ဘာ ၁ ရက်တွင် ပန်နန်းဒင်သို့ရောက်ရှိပြီး ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား တွေ့ဆုံကာ အားပေးစကားများ ပြောကြားသည်။ ယင်းနောက် ပန်နန်းဒင်-ငါ့ဝါ-ဂဝိုင်-ဒုံဇုံ-တဆူထု-ထလာထု-ခရောင်း-တဟွမ်ဒမ်းလမ်း ၆၃ မိုင် အနက် ၁၅ မိုင် အမာခံလမ်း ဖောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ စံချိန်စံညွန်းမီမီဖြင့် အချိန်မီ ပြီးစီးရေး ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်