ပူတာအို      ၂၀   ဇွန်       

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ မြို့နယ်လေးမြို့နယ်တွင် ရ၀မ်လူငယ်များအသင်း၏ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ရော ဂါကာကွယ်ရေးနှင့်ပြည်သူများ Mask တပ်ဆင်သွားလာရေးအတွက်အသိပညာပေးခြင်းနှင့် Maskများအခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၆)နာရီက ပူတာအိုမြို့ရှိ စည်ပင်သာယာဈေးများ၌ဖြန့်ဝေ ခဲ့ကြောင်း သိရသည်။

" ခုလို Mask ဝေပေးရတာက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျွန်တော်တို့ ရ၀မ် လူငယ်များအသင်းအနေနဲ့လည်း တတ်နိုင်တဲ့ဘက်က ပူးပေါင်းပါ၀င်တာဖြစ်ပါတယ်။ ပြီးတော့ ဒေသခံ ပြည်သူ တွေအနေနဲ့လည်း ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် ပူးပေါင်းလာစေချင်တာကြောင့် လည်းပါတယ်။ ကျွန်တော်တို့ ရ၀မ်လူငယ်များအသင်းအနေနဲ့တော့ ဝေးလံခေါင်ဖျားဒေသတွေကိုသွားရောက်ပြီးတော့ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်း၊ ဆေးဝါးဆပ်ပြာ စတဲ့ ထောက်ပံ့မှုတွေကိုလည်း ဆောင်ရွက်ခဲ့ပါ တယ်။ ဆက်ပြီးတော့လည်း တတ်နိုင်သည့်ဘက်က ပူးပေါင်းပါ၀င်သွားမှာဖြစ်ပါတယ်"ဟု ရ၀မ် လူငယ်များ အသင်း ဒု-ဥက္ကဌ ကို ခေါ်ကွဲဖေရမ်က ပြောသည်။

ပူတာအိုမြို့နယ်တွင် Maskများဖြန့်ဝေခြင်းကို မြို့မနှင့်လေယာဉ်ကွင်း စည်ပင်သာယာဈေးများတွင် အုပ်စုနှစ်အုပ်စုဖြင့် ဈေးရောင်းဈေး၀ယ် ပြည်သူများအားတပြိုင်တည်းအခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး ပူတာအိုခရိုင် အတွင်းရှိ ပူတာအို၊မချမ်းဘော့၊နောင်မွန်၊ခေါင်လန်ဖူးစသည့် မြို့နယ်လေးမြိုနယ်တွင် Maskအခုပေါင်း ၂၀၀၀ ကို အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ထို့အပြင် ရ၀မ်လူငယ်များအသင်းအနေဖြင့် ပူတာအိုခရိုင်အတွင်းရှိ ဝေးလံခေါင်ဖျားကျေးရွာ(၃၇)ရွာ သို့ သွားရောက်ကွင်းဆင်းကာဆေးဝါး၊ဆပ်ပြာများ ထောက်ပံ့ပေးခြင်း၊ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပညာ ပေးနှိုးဆော်ချက်များ အသံသွင်းယူထားသည့် SD ကတ်များကို ကျေးရွာတစ်ရွာလျှင်တစ်ကတ်နှုန်း ဖြန့်ဝေပေးခြင်း နှင့်အသိပညာပေးခြင်းလုပ်ငန်းများကိုလည်းဆောင်ရွက်ခဲ့ကြောင်း ရ၀မ်လူငယ်များ အသင်းထံမှ သိရသည်။

ဖုန်ကန်(ပြန်/ဆက်)