ပူတာအိုခရိုင်၌ စောင့်ကြည့်လူနာများထားရန်နေရာနှင့် ဆေးရုံများရှိ အထူးကြပ်မတ်ဆောင်နေရာများအတွက် ပြင်ဆင်ထားမှုများကို ကြည့်ရှုစစ်ဆေးခြင်းနှင့် ပိုးသတ်ဆေးပက်ဖျန်းခြင်း ကွင်းဆင်းဆောင်ရွက်

ပူတာအို   ၁   ဧပြီ     

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း Facility Quarantineနှင့် Isolation Hospital များအတွက် ပြင်ဆင် ထားရှိမှုများကို ပူတာအိုခရိုင်/မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီက ကွင်းဆင်းစစ်ဆေးခြင်းနှင့်ပိုးသတ်ဆေးဖျန်းခြင်းကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်‌ရေးမှူး ဦးသန့်ဇင် ဦးဆောင်သော ကော်မတီဝင်များသည် အထက-ပူတာအို‌ ကျောင်းဝန်းရှိ Facility Quarantine အဖြစ် ဆောင်ရွက်ထားရှိသည့် အခန်းများကို ပိုးသတ်ဆေးဖျန်းနေမှုများ၊ နေရာထိုင်ခင်း၏ ခင်းကျင်းထားရှိမှုများကိုကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို သက်ဆိုင်ရာ‌ကော်မတီဝင်များနှင့်‌ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်ညွှန်ကြားသည်။

ထို့နောက် ခရိုင်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီဥက္ကဌနှင့်  အဖွဲ့သည် ပူတာအိုလေဆိပ်၏ လူအသွားအလာများ‌သောနေရာများ၊ ခရီးသည်ဝင်‌‌ပေါက်များအားလုံးကို ပိုးသတ်ဆေးဖျန်းပက်ခဲ့ကြပြီး ကျန်းမာရေးဝန်ထမ်းများ၏ လေဆိပ်တွင်းကျန်းမာရေစစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်း ဆောင်ရွက်နေမှုများကို ကြည့်စစ်ဆေးကာ လေဆိပ်တွင်ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများကို သေချာစာရင်းပြုစုစေခြင်းနှင့် နောက်ဆက်တွဲ‌ ကိုဗစ် ၁၉ ကြိုတင်ကာကွယ်ရေးအတွက် ကန့်သတ်စောင့်ကြည့်မှုများကို အလေးထားဆောင်ရွက်ကြရန် မှာကြားသည်။
       
ဆက်လက်၍မူလာရှီးဒီရပ်ကွက်ရှိ (၁၆)ခုတင်ဆံ့တိုက်နယ်ဆေးရုံရှိ အထူးကြပ်မတ်ဆောင်နေရာများအတွက် ပြင်ဆင်ထားရှိမှုများကိုလည့်လည်စစ်ဆေးကြရာ ခရိုင် ပြည်သူ့ဆေးရုံ၊ ခရိုင်ဆရာဝန်ကြီး ဒေါက်တာသန့်ဇင်ထွန်းက Isolation Room များဆောင်ရွက်ထားမှုနှင့် လိုအပ်သည်များရှင်လင်းရာ ခရိုင်ကော်မတီဥက္ကဌ ဦးသန့်ဇင်နှင့်မြို့နယ်ကော်မတီဥက္ကဌဦးသန့်စင်တို့က လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်သည်။

ထို့နောက်မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုကားလမ်းမပေါ်ရှိ မူလာရှီးဒီစု‌ပေါင်းစစ်ဆေးဂိတ်၏ ကျန်းမာရေးစစ်ဆေးပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ဆန်းညွန့်(ပူတာအို)