ပူတာအို ၁၁ ဧပြီ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်က ထောက်ပံ့သည့် အခြေခံစားသောက်ကုန် ပစ္စည်းငါးမျိုးကို ယနေ့ နံနက်(၉)နာရီခွဲမှ စတင် ၍ အဆိုပါ အိမ်ထောင်မိသားစုများထံသို့ ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီအဖွဲ့၀င်များနှင့် တာ၀န်ရှိသူများက လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပူတာအိုမြို့ပေါ်ရပ်ကွက်များဖြစ်သည့် ကောင်ကထောင်၊ လုံးစွတ်၊ လေယာဉ်ကွင်းရပ်ကွက်များတွင် ပုံမှန်၀င်ငွေမရှိသော အိမ်ထောင်မိသားစုများအတွက် နိုင်ငံတော်ကထောက်ပံ့သည့် တစ်အိမ်ထောင်လျှင် ဆန် (၈)ပြည် ၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာနှင့်ကြက်သွန်နီ(၁)ပိဿာ စုစုပေါင်းထောက်ပံ့မှု(၅)မျိုးကို ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးသန့်ဇင်နှင့်ကော်မတီ၀င်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးသန့်စင်နှင့် ကော်မတီ၀င်များ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာ၀န်ရှိသူများက လက်၀ယ်အရောက် လိုက်လံထောက်ပံ့ ပေးအပ်ခဲ့သည်။
ထို့အပြင် ပူတာအိုမြို့နယ်အတွင်းရှိ ရပ်ကွက်(၁၁)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၄)အုပ်စုတွင် အိမ်ထောင် မိသားစု(၁၄၀၄)စု အတွက် ဆန်(၁၁၂၃၂)ပြည်၊ ဆီ(၇၀၂)ပိဿာ၊ ဆား(၇၀၂)ပိဿာ၊ ပဲ(၁၄၀၄) ပိဿာ နှင့်ကြက် သွန်နီ (၁၄၀၄)ပိဿာတို့ကို ဖြန့်ဖြူးရေးအဖွဲ့များခွဲ၍ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး အရောက် မော်တော်ယာဉ်များဖြင့် လိုက်လံဖြန့်ဖြူးပေးခဲ့သည်။
ပူတာအိုမြို့နယ်တွင် အိမ်ထောင်စု (၁၄၀၄)စု ၊ မချမ်းဘော့မြို့နယ်တွင် အိမ်ထောင်စု(၅၁၀)စု၊ နောင်မွန်မြို့နယ်တွင် အိမ်ထောင်စု(၄၂)စု ၊ ခေါင်လန်ဖူးမြို့နယ်တွင် အိမ်ထောင်စု(၃၆၉)စုနှင့် ဆွမ်ပရာဘွမ်မြို့နယ်တွင် အိမ်ထောင်စု(၁၅၆)စု စုစုပေါင်း အိမ်ထောင်စု(၂၄၈၁)စုတို့ကို သတ်မှတ်ချက်နှင့်အညီ စာရင်းများ ကောက်ယူခဲ့ခြင်းဖြစ်ရာ စာရင်းတွင်ပါရှိသည့် ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်မိသားစုများ လက်၀ယ်အရောက် ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)


