ပူတာအို ဇွန် ၅
ကချင်ပြည်နယ်၊ ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက်ရှိ လီဆူစာပေနှင့် ယဉ်ကျေးမှုခြံ၀င်းအတွင်း ဇွန် ၄ ရက် နံနက် ၈ နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်ဦးဆောင်မှု၊ မြို့နယ်သစ်တော ဦးစီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် သဘာ၀ပတ်၀န်းကျင် စိမ်းလန်းစိုပြည်လာစေပြီး ဂေဟစနစ် ပိုမိုကောင်းမွန်လာစေရန်အတွက် ပူတာအိုခရိုင်၏ ၂၀၂၂ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲကို သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများ ထူထောင်ခြင်းဖြင့် သဘာ၀ပတ်၀န်းကျင် စိမ်းလန်းစိုပြည်၍ ဒေသအပူချိန် လျှော့ချနိုင်စေရန်နှင့် ဂေဟစနစ် ပြုပြင်ထိန်းသိမ်း ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခေါင်လန်ဒီးနှင့် အဖွဲ့၀င်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့် အဖွဲ့၀င်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများ စုစုပေါင်းအင်အား ၈၀၀ တို့က အမြင့်နှစ်ပေနှင့် အထက်ရှိ ပျိုးပင်များဖြစ်ကြသော ရေပိတုန်းအပင် (၆၀၀)၊ သစ်အယ်အပင် (၄၀၀) စုစုပေါင်းသစ်ပျိုးပင် (၁၀၀၀)တို့ကို သတ်မှတ်နေရာများတွင် တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ယခုစိုက်ပျိုးပွဲကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခေါင်လန်ဒီး ဦးဆောင်လျက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများ ပါဝင်စိုက်ပျိုးခဲ့ပြီး မြို့နယ်သစ်တောဦးစီးဌာနရှိ ပျိုးဥယျာဉ်အတွင်း ပျိုးပင်ပေါင်း (၁၉၄၀၀)ကို ယခုနှစ် မိုးရာသီအတွက် ပျိုးထောင်ထားရှိကြောင်း၊ ၎င်းပျိုးထောင်ထားရှိသည့် ပျိုးပင်များကို မိုးကျရာသီဖြစ်သည့် ဇွန်လအတွင်း စုပေါင်း သစ်ပင်စိုက်ပျိုးလျက်ရှိသည့်အပြင် ပျိုးဥယျာဉ်အတွင်း ပျိုးထောင်ထားရှိသည့် အပင်အမြင့် (၂)ပေနှင့်အထက်ရှိ ပျိုးပင်များကိုလည်း စိုက်ပျိုးလိုသူ ပြည်သူများ၊ ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များသို့ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ် သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညိုဦးထံမှ သိရသည်။
ဖုန်ကန်(ပြန်/ဆက်)