ပူတာအို ၁၉ ဇွန်
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ဒေသခံများ၏ ပြောကြားချက်များအရ မြို့နယ်သံဃနာယကအဖွဲ့ ခမ်းတီးလုန် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့နှင့် ရပ်မိရပ်ဖများက ဇွန် (၂) ရက်နေ့တွင်သွားရောက်ကြည့်ရှုခဲ့ရာ ဖတ်မာဇွတ် ကျေးရွာအနီး ဖတ်မာချောင်း ဘေး၌ ရှေးဟောင်းစေတီတစ်ဆူ၊ ၎င်းနှင့်ပေ ၂၀ဝ ခန့်ဝါးတောတွင် တစ်ဆူတွေ့ရှိခဲ့သည်။ ယင်းစေတီများအနက် ရှေးဟောင်းစေတီတစ်ဆူမှာ ဌာပနာများလုံခြုံမှု မရှိသောကြောင့် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဦးဆောင်သော အဖွဲ့က ဌာပနာများဖော်ထုတ်ပြီး လန်းနို(၂)ဘုန်းတော်ကြီးကျောင်းတွင် ခေတ္တစံပယ်ထားရှိကြောင်း ခရိုင်သာသနာရေးမှူး ဦးဝင်းရွှေထံမှ သိသည်။
၎င်းရှေ့ဟောင်းစေတီပုထိုးများ၊ ဌာပနာများသည် အေဒီ ၁၅ ရာစုခန့်က ရှမ်းလုပ်ခွန်စော်ဘွား စောပလန်းယွတ် မြို့တည်နေထိုင်ခဲ့စဉ်က တည်ထားကိုးကွယ်ခဲ့သော ဘုရားများဖြစ်ကြောင်း၊ ဒေသအာဏာပိုင်များနှင့် ရှေးဟောင်းသုတေသနထံ တင်ပြထားပြီး ပြုပြင်မွမ်းမံနိုင်ရေးနှင့် ဖော်ထုတ်တူးဖော်နိုင်ရေး ဆောင်ရွက်ထားကြောင်း ဦးဝင်းရွှေထံမှသိရသည်။
ဆန်းညွှန့်(ပူတာအို)