ပူတာအို ၂၁ ဇူလိုင်
ကချင်ပြည်နယ်၊ ပူတာအိုမြို့ ပြည်သူ့အားကစားကွင်း၌ မိုးလုံလေလုံ အားကစားခန်းမ တည်ဆောက်ခြင်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့်ဆောက်လုပ်လျက်ရှိရာ ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
“အခုလက်ရှိ ဆောက်လုပ်နေတဲ့ အားကစားခန်းမကိုတော့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံး ငွေရင်းရန်ပုံငွေနဲ့ ပူတာအိုနန်းတော် ဆောက်လုပ်ရေးကုမ္ဗဏီက တာ၀န်ယူဆောက်လုပ်နေခြင်းဖြစ်ပါတယ်။ ဇူလိုင် ၂ ရက်က ပြည်နယ်ညွှန်ကြားရေးမှူးနဲ့ မြို့နယ်တာ၀န်ရှိသူများ စစ်ဆေးတဲ့အချိန်မှာတော့ ၅၀ ရာခိုင်နှုန်း ပြီးစီးခဲ့တာဖြစ်ပါတယ်။ မြေပြင်အနေအထားကိုတော့ ပူတာအိုခရိုင်/မြို့နယ်တာ၀န်ခံများ ပူးပေါင်းပြီးတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း လုပ်ငန်းပြီးစီးမှု အခြေအနေများကို စစ်ဆေးဆောင်ရွက်လျက်ရှိပါတယ်။ ယခုကျန်ရှိ တဲ့ အပိုင်းကတော့ နံရံအုတ်အချောကိုင်ဖို့ရယ် ရှေ့မျက်နှာစာရယ် အောက်ကြမ်းခင်းခင်းဖို့လိုပါမယ်။ ကျန်ရှိတဲ့ အပိုင်းတွေကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအပြီး ဆောက်လုပ်နိုင်ဖို့ တွန်းအားပေးဆောင်ရွက်လျက်ရှိပါ တယ်”ဟု ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန ခရိုင်အား/ကာမှူး ဒေါ်ခင်မိုးသဲက ပြောကြားသည်။
အဆိုပါ မိုးလုံလေလုံ အားကစားခန်းမ တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ပြည်နယ် ငွေလုံးငွေရင်း ရန်ပုံငွေကျပ်သန်းပေါင်း (၂၇၁ ဒသမ ၆)သန်းဖြင့် အလျားပေ (၁၂၀) အနံပေ (၉၀) Steel Structure အမျိုးအစားကို ပူတာအိုနန်းတော် ဆောက်လုပ်ရေးကုမ္ဗဏီက တာ၀န်ယူဆောက်လုပ်နေခြင်းဖြစ်ပြီး ယင်းမိုးလုံလေလုံ အားကစားခန်းမ တည်ဆောက်ပြီးစီးပါက ပူတာအိုဒေသအား ကစားက ဖွံ့ဖြိုးတိုးတက်ရေးအတွက်များစွာ အထောက်အကူပြုလာမည့်အပြင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ဘာသာရေးများ၏ တွေ့ဆုံပွဲနှင့် အခမ်းအနားများ ကျင်းပရာတွင်လည်း အလွယ်တကူအသုံးပြု နိုင်တော့မည်ဖြစ်ကြောင်း ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
ထို့အပြင် ပူတာအိုခရိုင်အတွင်း အားကစားကဏ္ဍဖွံ့ဖြိုးလာစေရန် အားကစားကွင်းအဆင့်မြှင့်တင်ခြင်း ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပွဲကြည့်စင်တည်ဆောက်ခြင်း၊ မီတာ ၄၀၀ ပြေးလမ်းကြောင်းခင်းခြင်း၊ ဘောလုံးကွင်း ခြံစည်းရိုးကာရံခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
ဖုန်ကန်(ပြန်/ဆက်)


