ပူတာအို ၁၉ နို၀င်ဘာ
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်မှုဖြင့် လက်ရှိဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာ၀အပင်အစိတ် အပိုင်းများ တရားမ၀င် ရောင်း၀ယ်မှုမရှိစေရေးအတွက် အသိပညာပေး လုပ်ငန်းများကို နို၀င်ဘာ(၁၉)ရက် နံနက်ပိုင်းက ပူတာအိုမြို့ မြို့မနှင့်လေယာဉ်ကွင်း စည်ပင်သာယာဈေးများတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် လက်ရှိဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ကုသရေးလုပ်ငန်းစဉ်များကို ပြည်သူများသိရှိလာစေရန် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသိပညာပေးခြင်းများ ဆောင်ရွက်ခြင်း၊ ဈေးများအတွင်း စည်းကမ်းနှင့်အညီ စနစ်တကျ ရောင်း၀ယ်နိုင်ရေးအသိ ပညာပေးခြင်း၊ ဈေးများအတွင်း တောရိုင်းတိရစ္ဆာန်နှင့် သဘာ၀အပင်အစိတ်အပိုင်းများ တရားမ၀င်ရောင်း၀ယ် ဖောက်ကားမှုမရှိစေရေး ပညာပေးစည်းရုံးခြင်း၊ ဟောပြောခြင်း၊ ဗဟုသုတများဖြန့်ဝေခြင်း၊ တရားမ၀င်နည်းလမ်းဖြင့် ငါးဖမ်းဆီးမှုမရှိစေရေး ကြပ်မတ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းကျော်ထံမှ သိရသည်။
အဆိုပါ အသိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်ဦးဆောင်မှုဖြင့် မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ သစ်တောဦးစီးဌာနတို့မှ တာ၀န်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပြန်/ဆက်)


