ပူတာအို ဩဂုတ် ၁၂
နယ်စပ်ရေးရာ၀န်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် နယ်စပ်ဒေသများလမ်းပန်းဆက်သွယ်ရေးကဏ္ဍ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဆွမ်ပီယာန်ကျေးရွာအုပ်စုအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဆွမ်ပီယာန်-အင်စီယာန်ကျေးရွာသို့ ဆက်သွယ်ထားသော လမ်းမပေါ်ရှိ စနီခချောင်းကူး သံကူကွန်ကရစ်တံတားတစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းမှာ ယခုအခါ ရာခိုင်နှုန်းပြည့်လုပ်ငန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ပူတာအိုခရိုင်ဖွံ့ဖြိုး မှုကြီးကြပ်ရေးရုံးမှ သိရသည်။
ယင်းတံတားသည် ပူတာအိုမြို့နယ် ဆွမ်ပီယာန်ကျေးရွာအုပ်စုအတွင်းရှိ ဆွမ်ပီယာန်ကျေးရွာမှ အင်စီယာန်ကျေးရွာသို့ ဆက်သွယ်ထားသည့်လမ်းမပေါ်တွင်ရှိပြီး စနီခချောင်းကူးတံတားအရှည်(၅၅)ပေ၊ တံတားအကျယ်(၁၄)ပေ၊ အမြင့်(၁၂)ပေရှိသော သံကူကွန်ကရစ်တံတားတစ်စင်းဖြစ်သည်။ ၎င်းတံတားအား နယ်စပ် ရေးရာ၀န်ကြီးဌာန၏ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း(၁၃၆.၅၄၂) ဖြင့် ဆောက်လုပ်ပြီးစီးခဲ့ခြင်းဖြစ်သည်။
စနီခချောင်းကူး သံကူကွန်ကရစ်တံတား တည်ဆောက်ပြီးစီးခဲ့မှုကြောင့် ပူတာအိုမြို့နယ် ဆွမ်ပီယာန် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာနှစ်ရွာ၊ အိမ်ခြေ(၂၁၁)အိမ်နှင့်လူဦးရေ(၁၁၉၃)ဦးတို့၏ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် များစွာအကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါတံတား တည်ဆောက်ပြီးစီးမှုအခြေအနေများကို ပူတာအိုခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဇော်ထွန်းနှင့်အဖွဲ့၀င်များသည် ပူတာအိုခရိုင် တည်ဆောက်ရေးလုပ်ငန်း အရည်အသွေး စစ်ဆေးရေးအဖွဲ့တို့နှင့်အတူ ဩဂုတ်(၁၀)ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


