ပူတာအို ၇ ဇန်နဝါရီ
ပူတာအိုမြို့နယ်၊ မန်စေကျေးရွာအုပ်စု ဒါကူရှီဇားကျေးရွာတွင် မြို့နယ်မီးသတ်စခန်းကကြီးမှူး၍ ဖွင့်လှစ်သော အရန်မီးသတ်မွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၀) ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ(၆) ရက်နံနက် ၁၀ နာရီတွင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးယောဆီနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်တို့က အမှာစကားများ ပြောကြားပြီး ပူတာအိုခရိုင်မီးသတ်ဦးစီးမှူးဦးအောင်သူက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းစည်းကမ်းများကို ရှင်းလင်းပြောကြားကာ သင်တန်းသားများအား ဝတ်စုံများပေးအပ်သည်။

သင်တန်းကို မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်(၄)ရပ်ဖြစ်သော မီးလုံခြုံရေး၊ သဘာဝဘေး ကာကွယ် တားဆီးရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး စသည့်လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ ထိရောက်စွာ ပါဝင်ဆောင်ရွက်နိုင်စေရေးအတွက် သင်တန်းဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကြောင်း ခရိုင်မီးသတ် ဦးစီးမှူး ဦးအောင်သူက ပြောကြားသည်။
သင်တန်းတွင် သင်တန်းသား(၅၀) တက်ရောက်ကြ မည်ဖြစ်ပြီး သင်တန်းသားများကို၆.၁.၂၀၂၀ မှ ၃၁.၁.၂၀၂၀ ရက်အထိ မီးသတ်ပညာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဆန်းညွှန့်( ပူတာအို)