ပူတာအို    ၁၆   သြဂုတ်      


ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ မူလာဒီကျေးရွာအုပ်စု၊ လန်းနို(၂)ကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း၌ “African Swine Fever” (ASF)   အာဖရိက ဝက်အပြင်းဖျားရောဂါနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောမှုကို ယခုရက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ဟောပြောပွဲတွင် ပူတာအိုခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိုးလင်းက “African Swine Fever”(ASF) အာဖရိကဝက်အပြင်းဖျားရောဂါနှင့် ပတ်သက်၍ အကျယ်တဝင့် အသိပညာပေး ဟောပြောခဲ့ပြီး မြို့နယ်ဦးစီးမှူး ဒေါက်တာမြင့်သူက ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်း ကုသခြင်းနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့ကြသည်။


ထို့နောက် မြို့နယ်ဦးစီးမှူး ဒေါက်တာမြင့်သူက ကျေးလက်ဒေသနေ ဒေသခံပြည်သူများအတွက်  ဝက်မွေးမြူရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ၊ ကုသဆေးများ၊ ဝက်ခြံဖျန်းရန် ပိုးသတ်ဆေးများကို ပေးအပ်ခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလန်းဆိုင်က လက်ခံရယူခဲ့ကြောင်း သိရသည်။


ဖုန်ကန်(ပူတာအို)