ပူတာအို   ၂၇  နိုဝင်ဘာ

 

၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကချင်ပြည်နယ် ပူတာအိုမြို့နယ် ဖတ်မာဒါးကျေးရွာ ခရစ်တော်၏အသင်းတော် ဘုရားကျောင်း၌ ကျင်းပသည်။

 

အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်က ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဖြူဖြူဝင်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက် တာလှုပ်ရှားမှု ပေါ်ပေါက်လာပုံ သမိုင်းအကြောင်းများကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ကျော်အောင်က အမျိုးသမီးများအပေါ်တွင် အကြမ်းဖက်မှု လျော့နည်းအောင် ကာကွယ်ပေးနိုင်သည့် ဥပဒေများကို အသိပညာပေးဟောပြောခြင်း၊ အထိမ်းအမှတ် ဗွီဒီယိုဖိုင်ပြခြင်းတို့ဖြင့် အသိပညာပေး ပြောကြားခဲ့သည်။

 

အခမ်းအနားကို အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ဥပဒေဖြင့်ကာကွယ်ပေ၊ မုဒိမ်းမှုများတားဆီးဖို့၊ မုဒိမ်းမှုများ ပပျောက်ဖို့ အားလုံးပူးပေါင်းဆောင်ရွက်စို့ ဆောင်ပုဒ်များဖြင့် ဆောင်ရွက်ခဲ့ပြီး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

 

ဖုန်ကန်(ပူတာအို)