ပူတာအို  ဩဂုတ်  ၁၁

 

နယ်စပ်ရေးရာ၀န်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် နယ်စပ်ဒေသများ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဆွမ်ပီယာန်ကျေးရွာအုပ်စုအတွင်း ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဆွမ်ပီယာန်-အင်စီယာန်ကျေးရွာ လမ်းပေါ်ရှိ စနီခချောင်းကူး သံကူကွန်ကရစ် တံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းမှာ ယခုအခါ ရာခိုင်နှုန်းပြည့်လုပ်ငန်း ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း ပူတာအိုခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။

 

စနီခချောင်းကူးတံတားသည် အရှည် ၅၅ ပေ၊ အကျယ် ၁၄ ပေ၊ အမြင့် ၁၂ ပေရှိသော သံကူကွန်ကရစ်တံတား တစ်စင်းဖြစ်ပြီး ၎င်းတံတားအား နယ်စပ်ရေးရာ၀န်ကြီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေ ကျပ်သန်းပေါင်း ၁၃၆ ဒသမ ၅၄၂ သန်းဖြင့် ဆောက်လုပ်ပြီးစီးခဲ့ခြင်း ဖြစ်သည်။

 

စနီခချောင်းကူး သံကူကွန်ကရစ်တံတား တည်ဆောက်ပြီးစီးခဲ့မှုကြောင့် ပူတာအိုမြို့နယ် ဆွမ်ပီယာန်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာနှစ်ရွာ၊ အိမ်ခြေ ၂၁၁ အိမ်နှင့် လူဦးရေ ၁၁၉၃ ဦးတို့၏ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် များစွာအကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါတံတား တည်ဆောက်ပြီးစီးမှု အခြေအနေများကို ပူတာအိုခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်ဇော်ထွန်းနှင့်အဖွဲ့၀င်များက ပူတာအိုခရိုင် တည်ဆောက်ရေးလုပ်ငန်း အရည်အသွေး စစ်ဆေးရေးအဖွဲ့တို့ လိုက်ပါလျက် ဩဂုတ် ၁၀ ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)