ပူတာအို ၊ ၁၀ ဇန်နဝါရီ

 

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် လမ်း၊ တံတားလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပူတာအိုခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ဦးထံမှ သိရသည်။

 

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေ ကျပ်သန်း ၂၇၆ ဒသမ ၂၂၇ ဖြင့် ပူတာအိုမြို့နယ်အတွင်းရှိ လန်းတောင်ကျေးရွာအုပ်စုနှင့် မကပ်မုံကျေးရွာအုပ်စု ကျေးရွာချင်းဆက်လမ်း (၂/၀)မိုင် မြေသားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်း၊ ဆွမ်ပီယာန်-အင်စီယာန် ကျေးရွာချင်းဆက် (၁/၀)မိုင် မြေသားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်းနှင့် အရှည်ပေ ၅၅ ပေ၊ အကျယ် ၁၄ ပေ သံကူကွန်ကရစ် တံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။

 

အဆိုပါ လမ်း၊ တံတားလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးပါက လန်းတောင်ကျေးရွာအုပ်စု၊ မကပ်မုံကျေးရွာအုပ်စု၊ ဇီးအွန်ကျေးရွာအုပ်စုနှင့် ဆွမ်ပီယာန်ကျေးရွာအုပ်စု လေးအုပ်စုရှိ ကျေးရွာ (၁၈)ရွာ အိမ်ထောင် (၁၇၈၂)စု၊ လူဦးရေ (၁၀၂၀၄)ဦးတို့အတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အကူပြုမည်ဖြစ်ပြီး အဆိုပါ လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ပူတာအိုခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ဦးနှင့် တာဝန်ရှိသူများက ဇန်နဝါရီ ၇ ရက်က သွားရောက်ကွင်းဆင်းစစ်ဆေးကာ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

 

ဖုန်ကန်(ပူတာအို)