ပူတာအို  ၂၃  နိုဝင်ဘာ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပူတာအိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကြီးမှူး၍ Medical Action Myanmar (MAM)မှ Access to Health Fund ၏ ထောက်ပံ့မှုဖြင့် ဖွင့်လှစ်သော လူထုကျန်းမာရေးလုပ်သား သစ်လွင်သင်တန်းဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၃  ရက် နံနက် ၉ နာရီက ပူတာအိုခရိုင် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်က သင်တန်းဖွင့် အမှာစကားပြောကြားပြီး ခေတ္တခရိုင် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှူး ဒေါက်တာဆိုင်းတူးမိုင်က လူထုကျန်းမာရေးလုပ်သားများသည် အထူးသဖြင့် ကျန်းမာရေးအသိပညာများ ဖြန့်ဝေခြင်း၊ ရောဂါကာကွယ်တားဆီးခြင်း၊ အခြေခံရောဂါများအား ကုသမှုပေးခြင်းနှင့်  အရေးပေါ်လူနာများအား ညွှန်းပို့ခြင်း   စသည့်လုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် သင်တန်းဖွင့်လှစ် ပို့ချရခြင်းဖြစ်ကြောင်း ပြောကြားကာ Medical Action Myanmarမှ စီမံချက်တာဝန်ခံ   ဒေါက်တာဟိန်းထက်နောင် က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

သင်တန်းကို ကျန်းမာရေးစောင့်ရှောက်မှုများအား လက်လှမ်းမီနိုင်ရန် ခက်ခဲသောကျေးရွာများ၊  ကျန်းမာရေး ဌာန/ဆေးရုံ ဆေးခန်းများနှင့် ဝေးကွာသောကျေးရွာများ၊  ကျန်းမာရေးဝန်ထမ်းများ၏ ကောင်းမွန်စွာ စောင့်ရှောက်မှုမပေးနိုင်သော ကျေးရွာများတွင် ကျန်းမာရေးဝန်ထမ်းများနှင့် လက်တွဲလုပ်ကိုင်နိုင်သော  လူထုကျန်းမာရေးလုပ်သား စေတနာ့ဝန်ထမ်းများ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ပူတာအိုမြို့နယ် ပြည်သူ့ကျန်း မာရေးဦးစီးဌာနမှူး ဦးကျော်မြင့်အောင်ထံမှ သိရသည်။

အဆိုပါသင်တန်းသို့ ပူတာအိုမြို့နယ်၏ အခက်အခဲဆုံးဒေသများ အပါအဝင် အခြားသော ခက်ခဲဒေသများမှ လူထုကျန်းမာရေးလုပ်သား သင်တန်းသူ(၃၀)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ ရက်သတ္တပတ် လေးပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)