ပူတာအို ၃၀ ဇူလိုင်

နိုင်ငံတော်ကချမှတ်ထားသော ကိုဗစ်ကာလ စီးပွားရေးကုစားမှုအစီအစဉ်  (CERP)အရ ကျေးလက်ဒေသနေ မိသားစုများ ၀င်ငွေလျော့နည်းလာမှုနှင့် စား၀တ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ ပူတာအိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော Cash For Work စီမံကိန်းများကို မြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာတွင် ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်‌နေပြီကြောင်း သိရသည်။

 

ရောဂါအကျိုးဆက် သက်ရောက်ခြင်းခံရသော ကျေးလက်ဒေသများရှိ ပြည်သူများအား ၎င်းတို့၏ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ကိုယ်တိုင်ဆောင်ရွက်စေ၍ လုပ်အားခငွေထောက်ပံ့ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ ၀င်ငွေရရှိစေရန်ရည်ရွယ်၍ မန်ပန်ကျေးရွာတွင် အရှည်ပေ(၁၀၂၀၀)ကို ကျပ်သိန်း ပေါင်း(၁၀၀)ဖြင့် ကျေးရွာအတွင်း ရေနုတ်မြောင်းပြုပြင်ခြင်းနှင့် ရေပြွန်(၁၁)ခု ပြုလုပ်ခြင်း၊ ဖန်ခိုင်(၁) ကျေးရွာ တွင် အရှည်ပေ(၃၄၈၀၀)ကို ကျပ်သိန်းပေါင်း (၁၀၀)ဖြင့် ကျေးရွာတွင်း ရေနုတ်မြောင်းပြုပြင်ခြင်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ စီမံကိန်းပြီးစီးပါက ဖန်ခိုင်(၁)ကျေးရွာနေ အိမ်ခြေ(၉၂) အိမ်၊ လူဦးရေ(၄၅၉)ဦးနှင့် မန်ပန် ကျေးရွာ အိမ်ခြေ(၆၂)အိမ်၊ လူဦးရေ(၄၀၁)ဦးတို့ကို အကျိုးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ဖုန်ကန်(ပြန်/ဆက်)