ပူတာအို ၁၀ မတ်
ကချင်ပြည်နယ်၊ ပူတာအို ခရိုင်/မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနအနေဖြင့် နွေရာသီအခြေခံ အားကစား သင်တန်းများ အောင်မြင်စွာ ဖွင့်လှစ်နိုင်ရေးအတွက် စီမံချက်ရေးဆွဲကာ နှစ်စဉ်ဖွင့်လှစ် ပေးလျက်ရှိရာ ယခုနှစ်နွေရာသီ အခြေခံအားကစားသင်တန်းတွင် အားကစားနည်းလေးမျိုးဖြင့် ပူတာအိုမြို့ ပြည်သူ့အားကစားကွင်း၌ မတ် ၁၆ ရက်မှ ၃၁ ရက်အထိ အခမဲ့ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းသင်တန်းကို ပူတာအိုမြို့နယ်အတွင်းရှိ ကျောင်းသူ/ကျောင်းသားများနှင့် အားကစားဝါသနာရှင် လူငယ်မောင်မယ်များ အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ အားကစား လှုပ်ရှားခြင်းဖြင့် ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်လာစေရန်၊ အားကာသိပ္ပံသင်တန်းသားရရှိရန်၊ အားကစား လှုပ်ရှားခြင်းဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ တိုးတက်ဖွံ့ဖြိုး မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် အားကစား သမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ပူတာအိုမြို့နယ်မှ အာကာသိပ္ပံကျောင်းသို့ သင်တန်းသားသုံးဦး ရွေးချယ်တက်ရောက်ခွင့်ရရှိခဲ့ကြောင်း ပူတာအိုမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဒေါ်အားတာဒွေ့ထံမှ သိရသည်။
အဆိုပါသင်တန်းတွင် ပြေးခုန်ပစ်အားကစားနည်းကို နေ့စဉ်နံနက် ၈ နာရီမှ ၁၀ နာရီအထိ လည်းကောင်း၊ ကရာတေးအားကစားနည်းကို နံနက် ၉ နာရီမှ ၁၁ နာရီအထိ လည်းကောင်း၊ Aerobic (Fitness Dance) အားကစားနည်းကို နံနက် ၉ နာရီမှ ၁၂ နာရီအထိ လည်းကောင်း၊ ဘောလုံးအားကစားနည်းကို ညနေ ၃ နာရီမှ ၅ နာရီအထိ လည်းကောင်း ပြည်သူ့အားကစားကွင်းတွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းတက်ရောက်လိုသူများ အနေဖြင့် ခရိုင်/မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနရုံးတွင် လာရောက်စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)