ပူတာအို၊ ၁၆ ဒီဇင်ဘာ
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ခရစ်တော်မွေးနေ့ကို ကြိုဆိုသောအားဖြင့် ဘုရားကျောင်းများ၊ နေအိမ်များ၊ ဌာနဆိုင်ရာရုံးများ၊ ဟိုတယ်များ စသည့်နေရာအနှံ့အပြားတွင် ခရစ္စမတ်ကာလ အလှဆင်ပစ္စည်းများဖြင့် အလှဆင်ခြင်းများကို ယခုလ လဆန်းပိုင်းမှ စတင်မြင်တွေ့ရသည်။
ခရစ်တော်မွေးနေ့ဖြစ်သည့် ဒီဇင်ဘာလတွင် ခရစ်တော်မွေးနေ့ကို ကြိုဆိုသောအားဖြင့် ဂိုဏ်းဂဏ အသီးသီး၌သော်လည်းကောင်း၊ မိသားစုအလိုက်သော်လည်းကောင်း၊ ရုံးဌာနဆိုင်ရာအဖွဲ့အစည်းများ အလိုက်သော်လည်းကောင်း ခရစ္စမတ်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပခြင်း၊ ပျော်ပွဲရွင်ပွဲများ ကျင်းပခြင်း၊ ကယ်လ်ရိုလ်သီချင်းများဖြင့် အဖွဲ့လိုက်လှည့်လည်သီဆိုခြင်းနှင့် နေရာအနှံ့ ခရစ္စမတ်ကာလကို အမျိုးမျိုးအလှဆင်ခြင်းများကို နှစ်စဉ်ကျင်းပ ပြုလုပ်ခဲ့သော်လည်း ယခုနှစ်တွင် ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် ကိုဗစ်-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေချိန်ဖြစ်သည့်အတွက် ခရစ္စမတ်ပွဲတော်များ ကျင်းပနိုင်ခြင်းမရှိသော်လည်း ခရစ္စမတ်ကာလ၌ အလှဆင်ခြင်းအမျိုးမျိုးကိုမူ နေရာအနှံ့ပြုလုပ်လာသည်ကို ကြည်နူးစွာမြင်တွေ့ရမည်ဖြစ်သည်။
အဆိုပါ ခရစ္စမတ်ကာလကို ရောင်စုံမီးလုံးများ ထွန်းညှိအလှဆင်ထားခြင်း၊ ခရစ္စမတ်သစ်ပင်များ စိုက်ထူအလှဆင် ထားခြင်း၊ Merry Christmas စာသားပါ ရောင်စုံစာတန်းများ ကပ်ခြင်း၊ ဗီနိုင်းပိုစတာ စသည့် ခရစ္စမတ်ကာလ အလှဆင်ပစ္စည်းအမျိုးမျိုး အလှဆင်ခြင်းဖြင့် ငြိမ်းချမ်းရေးနှင့် သာယာ၀ပြောသော အနာဂတ်ကို ကြိုဆိုခြင်းဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)


