ဝါရှင်တန် ၁၄ မေ
တရုတ်သိပ္ပံပညာရှင်များဦးဆောင်သည့် နိုင်ငံတကာ သိပ္ပံပညာရှင် အဖွဲ့တစ်ဖွဲ့ဟာ ပယင်းကျောက်တစ်ခုအတွင်း လွန်ခဲ့သည့် နှစ်ပေါင်း သန်း ၁၀ဝ ခန့်က ခရုခွံကဲ့သို့ ခွေလျက် အလားသဏ္ဌာန်ရှိသည့် ammonite ခေါ် ရှေးခေတ် ပင်လယ်သတ္တဝါတစ်ကောင်၏ ရုပ်ကြွင်းများ ပါဝင်နေကြောင်း အတည်ပြုခဲ့ကြသည်။
အဆိုပါ လေ့လာတွေ့ရှိချက်ကို တနင်္လာနေ့က ဝါရှင်တန် အမျိုးသားသိပ္ပံ အကယ်ဒမီက ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကာ ပယင်းကျောက်ဟာ ၆ ဒဿမ ဝ၈ ဂရမ်အလေးချိန်ရှိကြောင်းနှင့် အရှည် ၃၃ မီလီမီတာ၊ အကျယ် ၉ ဒဿမ ၅ မီလီမီတာနှင့် အမြင့် ၂၉ မီလီမီတာ ရှိကြောင်း သိရသည်။
မြေပြင်ရှိ သစ်ပင်များနှင့် တိရစ္ဆာန်များ၏ ရုပ်ကြွင်းများသည် ပယင်းကျောက် ဖြစ်တည်မှုတွင် ပါဝင်လေ့ရှိသော်လည်း ပင်လယ်သတ္တဝါတစ်ကောင်၏ ရုပ်ကြွင်းအား ပယင်းကျောက်အတွင်း တွေ့ရှိမှုသည် ရှားပါးဖြစ်စဉ်တစ်ခုဖြစ်သည်။ ယင်းပယင်းကျောက်တွင်းက ရုပ်ကြွင်းကို မြန်မာနိုင်ငံ မြောက်ပိုင်းမှာတွေ့ရှိခဲ့ကြောင်း နှင့် ammonite ပင်လယ်သတ္တဝါနှင့်အတူ ပင့်ကူ၊ ပိုးဟပ်၊ ပိုးတောင်မာ၊ နဂျီကောင်များ အပါအဝင် အနည်းဆုံး သတ္တဝါအကောင် ၄၀ နီးပါးပါရှိကြောင်း နန်ကျင်း သုတေသနအဖွဲ့၏ ပါမေက္ခ ဘိုဝမ် က သတင်းဌာနများအား ပြောသည်။

တရုတ်သိပ္ပံအကယ်ဒမီရှိ ဘူမိဗေဒနှင့် ကျောက်ဖြစ်ရုပ်ကြွင်းပညာရပ်ဆိုင်ရာ နန်ကျင်း သုတေသနအဖွဲ့က ပယင်းကျောက်၏ ရုပ်ထွက်ကောင်းမွန်သည့် သုံးဖက်မြင် ပုံရိပ်များရရှိရန် X- ray ဓာတ်ရောင်ခြည်ဖြင့် ဖမ်းယူခဲ့ကြသည်။ ပယင်းကျောက်အတွင်း တွေ့ရှိခဲ့သည့် ammonite ပင်လယ် သတ္တဝါဟာ အရွယ်မရောက်သေးတဲ့ အကောင်ဖြစ်ပြီး ၎င်း ammonite ပင်လယ်သတ္တဝါတို့ဟာ လွန်ခဲ့သည့် နှစ်သန်းပေါင်း ၉၃ သန်းကနေ ၁၀၅ သန်းကြား အသက်ရှင်ခဲ့ကြသော သတ္တဝါဖြစ်ကြောင်း သိရသည်။
အဆိုပါ သတ္တဝါ၏ အခွံများနှင့်တစ်ရှူးပျော့များကို မတွေ့ရတော့ကြောင်းသိရပြီး သက်ရှိများ သေဆုံးပြီး ကာလကြာမြင့်လာသည့်အခါ ထင်းရှူးစေးအတွင်း နစ်မြုပ်လာရာမှ ရုပ်ကြွင်းများပါဝင်သည့် ပယင်းကျောက်များ ဖြစ်ပေါ်လာလေ့ရှိသည်။
မြန်မာနိုင်ငံရှိ ရှေးခေတ် ကမ်းရိုးတန်းသစ်တောများအတွင်းမှာ ထင်းရှူးစေးများထွက်လေ့ရှိပြီး ယင်း ထင်းရှူးစေးများအတွင်း ammonite သတ္တဝါများ၏ ရုပ်ကြွင်းများပါဝင်လာကာ ပယင်းကျောက်များ ဖြစ်လာတတ်ကြောင်း တရုတ်သိပ္ပံအကယ်ဒမီရှိ ဘူမိဗေဒနှင့် ကျောက်ဖြစ်ရုပ်ကြွင်းပညာရပ်ဆိုင်ရာ သုတေသီ ဒေါက်တာ ဘိုဝမ် က ပြောပြသည်။ ယခုလေ့လာမှုတွင် တရုတ် သိပ္ပံပညာရှင်များအပြင် စကော့တလန် အမျိုးသား ပြတိုက်၊ အောက်စ်ဖို့ဒ် တက္ကသိုလ်နှင့် အိန္ဒိယ တက္ကသိုလ်များမှ ပညာရှင်များလည်း ပါဝင်ကြောင်း သိရသည်။
SMZaw(MDN)
Source> Xinhua