၂၀ ဩဂုတ်
ဩစတြေးလျနိုင်ငံ အလံလွှင့်တင်ထားတဲ့ ကွန်တက်စ်(Qantas) လေကြောင်းလိုင်းဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံအရှုံး ပေါ်တဲ့အတွက် လုပ်သား လျှော့ချမယ်လို့ ဒီနေ့ (ကြာသပတေးနေ့) မှာ ကြေညာလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်မှု ထိန်းချုပ်နိုင်ရေးအတွက် ဩစတြေးလျနိုင်ငံအား လာရောက်ခွင့်ကို တင်းတင်းကျပ်ကျပ် တားမြစ်ထားသလို ဩစတြေးလျ နိုင်ငံသား တွေကိုလည်း နိုင်ငံက ထွက်ခွာမှုအား လုံးဝနီးပါး ပိတ်ပင်ထားပါတယ်။
အဲဒီလိုအခြေအနေတွေကြောင့် Qantas လေကြောင်းလိုင်းဟာ အခွန်ငွေ မပေးဆောင်မီ အရှုံးပေါ်တဲ့ ငွေကြေးပမာဏဟာ ဩစတြေးလျ ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံ) ရှိကြောင်း သိရပါတယ်။
နှစ်ပေါင်း ၉၉ နှစ်အတွင်း Qantas လေကြောင်းလိုင်း သမိုင်းမှာ အခက်အခဲဆုံး စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရတာဖြစ်ကြောင်းနဲ့ လုပ်သား ၆,၀၀၀ အလုပ်မှ ရပ်ဆိုင်းဖို့ ရှိပြီး လေယာဉ် အစီးပေါင်း ၁၀၀ ကို မြေပြင်မှာ ရပ်ထားဖို့ ပြင်ဆင်ထားကြောင်း သိရပါတယ်။ အဲဒီလို စီစဉ်နေတဲ့အတွက် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ဆုံးရှုံးမှုကနေ သက်သာသွားနိုင်ကြောင်း ပြောပါတယ်။
နိုင်ငံတွင်းက လေကြောင်းခရီးစဉ်အချို့က ဆက်လက်ပိတ်ထားဆဲဖြစ်ပြီး နိုင်ငံတကာ လေကြောင်းခရီးစဉ်တွေဟာ ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းမှ ပြန်လည်ပြေးဆွဲနိုင်ကြောင်း Qantas လေကြောင်းလိုင်းက ခန့်မှန်းထားပါတယ်။
ဩစတြေးလျ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၂၄,၀၀၀ ရှိပြီး သေဆုံးသူ ၄၆၃ ဦး ရှိကြောင်း ဒီနေ့ထုတ်ပြန်ချက်အရ သိရပါတယ်။
MDN
ကိုးကား - AFP