မကွေး ၁၉ မေ
မကွေးမြို့နယ်အတွင်းရှိ Quarantine Center များတွင် ကူညီဆောင်ရွက်ပေးနေသော စေတနာ့ဝန်ထမ်းများအား ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေး က သင်တန်းပို့ချခြင်းကို တိုင်းဒေသကြီးရှိ မြို့နယ် (၇) မြို့နယ်တွင် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း၊ စေတနာ့ဝန်ထမ်းများ၊ ပြည်သူများ ပူးပေါင်းပါဝင်မှသာလျှင် ကျော်လွှားနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ရောဂါကာကွယ်ရေးအတွက် အကာအကွယ်သုံး ပစ္စည်းများဖြစ်သည့် PPE ဝတ်စုံ (၆၀)၊ Mask အခု (၃၀၀)၊ Hand Gel နှင့် အပူချိန်တိုင် းကိရိယာများကို ပေးအပ်ရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က လက်ခံရယူခဲ့သည်။ ထို့နောက် Quarantine Center များရှိ စေတနာ့ဝန်ထမ်းများအား ဒေါက်တာဖြူဖြူထွန်းက ဆင့်ပွားသင်တန်းကို ဆက်လက်ပို့ချခဲ့သည်။
အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့၏ စီစဉ်မှုဖြင့် မေလ ၅ ရက်နေ့မှ စတင်၍ နေပြည်တော်ကောင်စီ တိုင်းဒေသကြီး/ ပြည်နယ်များတွင် နည်းပြအဖြစ် ဆောင်ရွက်ကြမည့် မြန်မာနိုင်ငံ ဆရာဝန်အသင်းက စုစည်းပေးပို့သော စေတနာ့ဝန်ထမ်း (၁၃၈) ဦးကို Online ဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်းတို့ ပူးပေါင်း၍ (TOT) သင်တန်း ပို့ချဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းဆင်းပြီးသော ဆရာဝန်များက သက်ဆိုင်ရာဒေသ မြို့နယ်အလိုက် Quarantine Center များရှိ စေတနာ့ ဝန်ထမ်းများအား (၁) ရက်တာ ဆင့်ပွားသင်တန်း ပို့ချမှုများကို ဆောင်ရွက်လျက်ရှိရာ မေ ၁၉ ရက် (ယနေ့) တွင် မကွေးတိုင်းဒေသကြီးမှ မကွေး၊ ဂန့်ဂေါ၊ ရေနံချောင်း၊ မင်းဘူးနှင့် နတ်မောက်မြို့နယ်တို့တွင် စေတနာ့ဝန်ထမ်းများအား ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချပြီး မင်းလှ၊ ပွင့်ဖြူနှင့် ကျန်ရှိသည့် မြို့နယ်များတွင် ဆက်လက်၍ ဖွင့်လှစ်ပို့ချရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)


