မကွေး အောက်တိုဘာ ၄
Quarantine စင်တာများတွင် ရှိနေသည့် မဲဆန္ဒရှင်ပြည်သူများ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး၌ မဲပေးခွင့်မဆုံးရှုံးစေရေး အတွက်ကြိုတင်မဲပေးနိုင်ရန် စီစဉ်ပေးမည်ဖြစ်ကြောင်း မကွေးတိုင်းရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ က သိရသည်။
ကြိုတင်မဲပေးပုံစံ(၁၅)ဖြန့်ဝေနိုင်ရေး လုပ်ငန်းကို အောက်တိုဘာ ၈ ရက် မှ ၁၄ ရက်နေ့အတွင်း စီစဉ်ဆောင်ရွက်မည်ဖြစ်ပြီး Quarantine စင်တာများတွင် ကြိုတင်မဲပေးမှုကို အောက်တိုဘာ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
"သက်ဆိုင်ရာမြို့နယ် ကော်မရှင်အဖွဲ့ခွဲတွေက Quarantine စင်တာတွေက အကြီးအမှူးတွေဆီကို တစ်ရက်ကြိုတင် သွားရောက်တွေ့ဆုံပြီး မဲဆန္ဒရှင်တွေကြိုတင်မဲ ပေးနိုင်ဖို့အတွက် ပုံစံ(၁၅)တွေပေးမယ်။ ရလာတဲ့ ပုံစံတွေကို သက်ဆိုင်ရာ မြို့နယ်/ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဆီ အမြန်ဆုံးရောက်နိုင်အောင် ပေးပို့ရမှာပါ။ သက်ဆိုင်ရာ မဲရုံအရောက်ရွေးကောက်ပွဲနေ့ ညနေ (၄)နာရီမတိုင်ခင် ပို့ပေးရမှာဖြစ်ပါတယ် ” ဟု မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးစိုးထွဋ်ဦးက ပြောသည်။
နိုဝင်ဘာလ (၈) ရက်နေ့တွင် ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ၌ မကွေးတိုင်းဒေသကြီး အတွင်းမှ မဲဆန္ဒရှင်ဦးရေ (၃,၂၇၂,၉၁၆) ဦးရှိကြောင်း ဒုတိယအကြိမ် မဲစာရင်းထုတ်ပြန်ချက်အရ သိရသည်။
မကွေးတိုင်းဒေသကြီးတွင် Quarantine စင်တာ (၆၀၃) ခုရှိပြီး လတ်တလော Quarantine ဝင်နေသူ (၄၃၄၇)ဦးရှိကြောင်း မကွေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန က သိရသည်။
ဇေယျတု ( မကွေး)