Quarantine ဝင်ရသူများအတွက် "စောစောပြော" Mobile App ရေးဆွဲ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်မှုဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ များနှင့် နည်းပညာရှင် လူငယ်ကိုထူးမြင့်နောင် (Technomation) တို့ ပူးပေါင်းပြီး Quarantine လုပ်သူများအတွက် "စောစောပြော" Mobile App ကို ရေးဆွဲခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

အဆိုပါ Mobile App ကို ကိုရီးယားသမ္မတနိုင်ငံ အပါအဝင် အခြားနိုင်ငံများမှ COVID-19 နှင့် ပတ်သက်ပြီး ရေးဆွဲအသုံးပြုနေသည့် Mobile App များကို နမူနာယူပြီး မြန်မာနိုင်ငံ၏အနေအထား၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လိုအပ်ချက်များနှင့် ကိုက်ညီအောင် ရေးဆွဲထားခြင်း ဖြစ်သည်။

 

မိုဘိုင်းအယ်ပလီကေးရှင်းစနစ် ရည်ရွယ်ချက် နှင့် ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေး အေးစိန်၏ ရှင်းလင်းပြောကြားချက်များကို ဖော်ပြ လိုက်ပါသည်

 

 ဒီ App ရဲ့ ရည်ရွယ်ချက်ကတော့ ရောဂါဖြစ်ပွားရာ (သို့မဟုတ်) နိုင်ငံခြားကနေ ပြန်ရောက် လာတဲ့သူ တစ်ဦးအနေနဲ့ မဖြစ်မနေ သတင်းပို့တာတွေ၊ သီးခြားခွဲခြားနေထိုင်တာတွေ၊ အသွားအလာ ကန့်သတ်ခြင်း (Quarantine)ပြုလုပ်ခြင်းဖြင့် မိမိကိုယ်တိုင် ရောဂါဖြစ်ပွားလာရင် စောစီးစွာသိရှိ ပြီးတော့ ထိရောက်တဲ့ကုသမှုတွေ ခံယူရန် အသက်သေဆုံးခြင်းမှ ကာကွယ်နိုင်မယ့်အပြင် သူ့ရဲ့မိသားစုဝင်တွေ၊ သူနဲ့အတူနေသူတွေ၊ မိမိရဲ့ နေထိုင်ရာ ရပ်ကွက်တို့ပါ ရောဂါကူးစက်မှု ကာကွယ်ဖို့အတွက် ရည်ရွယ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။

 

ရောဂါဖြစ်ပွားရာ (သို့မဟုတ်) နိုင်ငံခြားက ပြန်ရောက်လာသူတစ်ယောက် အနေနဲ့ မိမိတို့ဒေသမှာရှိတဲ့ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး (သို့) နီးစပ်ရာ ကျန်းမာရေးဌာနများသို့ မပျက်မကွက် သတင်းပေးပို့ရန်လည်း လိုအပ်ပါတယ်။ ဒီစနစ်ကတော့ အသွားအလာကန့်သတ်ခြင်းခံနေရတဲ့ (Quarantine) လုပ်ခံနေရတဲ့သူတစ်ဦးအနေနဲ့ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းကို ကျွန်မတို့က လိုက်နာ ဆောင်ရွက်နေရစဉ် ကာလအတွင်းမှာ သူ့ရဲ့ကျန်းမာရေးအခြေအနေ ကို နေ့စဉ်စောင့်ကြည့် ပေးနေမယ့် စနစ်ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ကျန်းမာရေးအခြေ အနေကို Mobile App ဖုန်းကတစ်ဆင့် သတင်းပို့ရမှာ ဖြစ်ပါတယ်။ အဲဒီစနစ်မှာ ပူးပေါင်းပါဝင်ခြင်းအားဖြင့် မိမိရဲ့ မိသားစု၊ မိမိရဲ့ပတ်ဝန်းကျင်အပြင် မိမိနိုင်ငံ ကြီးကို ရောဂါဆိုးအန္တရာယ်ကနေပြီးတော့၊ ကူးစက်ဖြစ်ပွားမှုကနေပြီးတော့ ကာကွယ်နိုင်မှာဖြစ်ပါတယ်။

 

လိုက်နာဆောင်ရွက်ရမယ့်အချက် ရှင်းလင်းပြောကြားမှာဖြစ်

 

အခုဆိုရင် ဒီ App ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ လွှတ်တော် တာဝန်ရှိသူတွေ ၊ မြန်မာနိုင်ငံက ကွန်ပျူတာကျွမ်းကျင်သူတွေ နည်းပညာနဲ့ ကျွမ်းဝင်တဲ့ စေတနာ့ဝန်ထမ်းလူငယ်လေးတွေက ဝိုင်းဝန်း ကူညီပံ့ပိုးမှာပဲ ဖြစ်ပါတယ်။ Quarantine လုပ်ထားတဲ့ နေရာတွေဖြစ်တဲ့ ဆေး၊ ဟိုတယ်၊ ဘုန်းကြီးကျောင်းတွေကအစ ဝိုင်းဝန်းကူညီ ဆောင်ရွက်နေကြတာဖြစ်ပါ တယ်။ Quarantine ဒေသတွေသွားပြီး ဒီ App လေးကို ထည့်ပေးမှာဖြစ် ပါတယ်။ လေဆိပ်၊ မြဝတီနယ်စပ် စစ်ဆေးရေး ဂိတ်တွေ၊ အခြားတိုင်းဒေသကြီး ဂိတ်တွေမှာ ဒါကိုဆောင်ရွက်မှာဖြစ်ပါတယ်။ အိုကေလို့ နှိပ်လိုက်တာနဲ့ App မှာ ပါဝင်တဲ့ သတင်းအချက်အလက်တွေရယ်၊ ဒီ App နှင့်အတူ လိုက်နာ ဆောင်ရွက်ရမယ့် အချက်ကို ရှင်းလင်းပြောကြားသွားမှာပါ။

 

အဲဒါကိုလည်း မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာနဲ့ဖော်ပြပေးထားပါတယ်။ အဲဒီသဘောကတော့ မြန်မာလူမျိုးကလည်း မြန်မာလိုဖတ်ပြီး ဖြည့်သွင်းနိုင် တယ်။ တိုင်းတစ်ပါးက ဝင်ရောက်လာမယ့် သူဆိုရင်လည်း ကျွန်မတို့ရဲ့ ဒီ App လေးကနေတစ်ဆင့် အချက်အလက်ကို ပြည့်စုံအောင်ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ အဲဒါဖတ်ရှုပြီးလို့ နားလည်သဘောပေါက်ရင် နောက်ထပ် Page လေးတစ်ခု ကျလာပါလိမ့်မယ်။ အဲဒါကတော့ နာမည်၊ မှတ်ပုံတင်(သို့)ပတ်စ်ပို့ ကို ဖြည့်သွင်းရမှာဖြစ်ပါတယ်။ အရေးကြီးဆုံးကတော့ သူ့ရဲ့ဖုန်းနံပါတ်ပါ။ ဖုန်းနံပါတ်နဲ့ ကျွန်မတို့က သူ့ကို စောင့်ကြည့်နေမှာမို့လို့ အဲဒီဖုန်းနံပါတ်ကို မှန်ကန်စွာဖြည့်သွင်းမှသာလျှင် ဒီဖုန်းနံပါတ်ကို စောင့်ကြည့်နေရမှာ ဖြစ်ပါတယ်။

 

Mobile App သုံးစွဲမယ့် Quarantine လုပ်ခံရသူတစ်ဦးချင်းကို မိုဘိုင်း အော်ပရေတာတွေကနေပြီးတော့ ဆင်းကတ်တွေနဲ့ အင်တာနက်ဒေတာတွေ အခမဲ့ပေးမယ်လို့ သိရှိထားရပါတယ်။ သူ့ရဲ့ မှတ်ပုံတင် နံပါတ်လေးနဲ့ သူ့ဖုန်းနံပါတ်နဲ့ ဖြည့်မယ်ဆိုရင် သူ့ရဲ့လိပ်စာတောင်းပါတယ်။ သူနေထိုင်တဲ့ တိုင်းဒေသကြီးက မြို့နယ်တွေကို Dropdown Menu ရွေးချယ်ရုံပါပဲ။ သူ့ကို လက်ကလေးနဲ့ တစ်ချက်နှိပ်လိုက်ရုံပါပဲ ရိုက်ထည့်စရာမလိုပါဘူး။ ရန်ကုန် တိုင်းဒေသကြီးကို ရွေးချယ်မယ်ဆိုရင် သူနေတဲ့ ကြည့်မြင်တိုင်မြို့နယ်၊ ပုဇွန်တောင်မြို့နယ် စသဖြင့် ရွေးချယ်ရုံပါပဲ။

 

Quarantine လုပ်ခံရတဲ့နေရာရွေးချယ်ဖြည့်

 

နောက်ပြီး သူသွားရောက်ခဲ့တဲ့ နိုင်ငံကို မေးပါ့မယ်။ သူက ဘယ်ဂိတ်က ဝင်လာသလဲ မြဝတီဂိတ်က ဝင်လာသလား၊ လေကြောင်းလိုင်းက ဝင်လာ သလား၊ သူဝင်လာတဲ့ POE လေးကို ပြောရပါ့မယ်။ ပြီးရင် သူ Quarantine ကို စောင့်ကြည့်ခံရတဲ့ရက်စွဲလေးကို လွယ်ကူစွာပဲ ပြက္ခဒိန်ပေါ်လာပြီးတော့ ဖြည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ ပြီးရင် သူ့ကို အရေးပေါ်ဆက်သွယ်ရမယ့် မိခင်၊ အစ်ကို ဖြည့်ပြီးရင် နောက်ထပ် Page ကို ရောက်သွားပါ့မယ်။ နောက်ထပ် Page မှာ သူသည် ဆေးရုံမှာ Quarantine လုပ်ခံရတာလား၊ ဟိုတယ်မှာလား၊ အစိုးရစီစဉ်ထားတဲ့ အဆောင်မှာလား၊ ဘုန်းကြီးကျောင်းမှာလား၊ ရပ်ရွာက ပြင်ဆင်ထားတဲ့နေရာမှာလား၊ ရပ်/ရွာက စောင့်ကြည့်နေတဲ့ နေအိမ်(သို့) အခြား နေရာမှာလား၊ အဲဒါလေးကို လက်ညှိုးလေးတစ်ချောင်းတည်းနဲ့ ရွေးချယ် ဖြည့်တင်းဖို့ပဲလိုပါတယ်။

 

အဲဒါလေးရွေးချယ်ပြီးတာနဲ့ တစ်ပြိုင်နက်တည်း App code လေးကျလာ မှာဖြစ်ပါတယ်။ အလိုအလျောက် App ကုတ်လေးဟာ ဖုန်းရဲ့ SMS ကိုလည်း ပို့ပေးမှာ ဖြစ်ပါတယ်။ သူဖြည့်သွင်း သွားပြီးရင် Active ဆိုတာနဲ့တစ်ပြိုင်နက် သူ့ရဲ့ရောဂါလက္ခဏာကို စပြီးမေးပါမယ်။ သူဟာကောင်းမွန်သလား၊ ဖျားနာ သလား၊ ချောင်းဆိုးသလား၊ အားအင်ကုန်ခန်းသလား၊ အသက်ရှူကျပ်သလား သူ့ရဲ့ ရောဂါအခြေအနေကို မေးပါမယ်။ အဲဒါလေးကို Metal report လို့ခေါ်တဲ့ အကွက်လေးတွေရှိပါတယ်။ အဲဒီအကွက်လေးမှာ ကောင်းမွန်တယ်ဆိုရင် ကောင်းမွန်တဲ့နေရာလေးမှာ ခြစ်လိုက်ပါ။ အဲဒီအချိန်မှာ ဖျားနာတယ်။ ချောင်းဆိုးတယ်ဆိုရင် ဖျားနာတဲ့နေရာမှာ တစ်ခါနှိပ်မယ်။ ချောင်းဆိုးတဲ့ နေရာမှာတစ်ခါနှိပ်မယ်ဆိုရင် ပြီးရင် သူဖြစ်တဲ့ရောဂါလက္ခဏာကို သတင်း ပေးပို့ပါဆိုတဲ့ ခလုတ်ကလေးပါပါတယ်။

 

သတင်းပို့ပါကိုနှိပ်လိုက်ရင် ကျွန်မတို့ရဲ့ Database ထဲကို အချက်အလက် က အလိုအလျောက် ရောက်ရှိလာမှာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ဖုန်းရဲ့ ဆင်းကတ်ကတစ်ဆင့်၊ အင်တာနက် ကတစ်ဆင့် ဖုန်းထဲမှာရှိတဲ့ GPS ကို အသုံးပြုပြီးတော့ သူ့ရဲ့တည်နေရာကို သိနိုင်ပါတယ်။ သူဟာ မြဝတီက ဝင်လာတယ် ပဲခူးတိုင်းဒေသကြီးကို သွားတယ်။ မြဝတီက ဝင်လာတယ် ရန်ကုန်တိုင်း ဒေသကြီးကို သွားတယ်။ ဗဟို Database ကနေ စောင့်ကြည့်နိုင်မှာ ဖြစ်ပါတယ်။ သူက သတင်းပို့ပြီးရင် အောက်မှာ Icon လေးနှစ်ခုရှိပါတယ်။ အကူအညီနဲ့ သတင်းနဲ့ကြေညာချက်များ အကူအညီဆိုတာကို နှိပ်လိုက်မယ် ဆိုရင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သူအကူအညီတောင်းလို့ရမယ့် တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဖုန်းနံပါတ်များ ပေါ်လာပါမယ်။ ဖုန်းနံပါတ်ကို သူနှိပ်စရာမလိုပါဘူးရှင်။

 

ကျန်းမာရေးအကူအညီများတောင်းနိုင်

 

အလိုအလျောက် အဲဒီဖုန်းကိုခေါ်ဆိုပြီးရင် ကျန်းမာရေးနဲ့ပတ်သက်တဲ့ အကူအညီများကို ချက်ချင်း တောင်းနိုင်မှာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ အကူအညီရဲ့ နောက်တစ်ဖက်မှာတော့ သတင်းအချက်အလက်ဆိုတာ ပါ ပါတယ်။ သတင်းနှင့် ကြေညာချက်ဆိုတဲ့ Icon လေးကို နှိပ်မယ်ဆိုရင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်ကို ရောက်ပါမယ်။ အဲဒီဝက်ဘ်ဆိုက်ထဲမှာ COVID-19 နဲ့ ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ သတင်းအချက်အလက်တွေကို အပြည့်အစုံရရှိမှာဖြစ်ပါတယ်

 

Quarantine လုပ်နေသည့် ပြည်သူတစ်ဦးချင်းကို MPT၊ Telenor ၊ Ooredoo နှင့် Mytel စသည့် အော်ပရေတာ (၄)ခုလုံးမှ တယ်လီဖုန်း Sim Card နှင့် အင်တာနက်ဒေတာ 1 GB အခမဲ့ ပေးအပ်ကြမည်ဖြစ်သည်။ Quarantine ဝင်နေရသည့် ပြည်သူတစ်ဦးချင်းစီအနေဖြင့် နေ့စဉ် ကိုယ်အပူချိန် တိုင်းတာရန်၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း ရှိ မရှိ စသည့် ကျန်းမာရေး စစ်ဆေးမှုဆိုင်ရာ အချက်အလက်များကို နေ့စဉ် သတိပေးစစ်ဆေးပေးသွား မည်ဖြစ်သည်။ အလားတူ Location ကိုလည်း ဖုန်းထဲရှိ GPS ကို အသုံးပြုပြီး အပေါ်မှ အချက်အလက်များနှင့်အတူ စောစောပြော Platform ကို ပေးပို့မည် ဖြစ်သည်။ သတင်းပေးပို့မှုကို မှတ်တမ်းတင်ပြီး Database နှင့် သိမ်းဆည်း ထားမည်ဖြစ်ကြောင်း သိရသည်။

 

ထို Mobile App ထဲတွင် အရေးပေါ် ခေါ်ဆိုနိုင်မည့် Hot Line ဖုန်းနံပါတ် လည်း ထည့်သွင်းထားမည် ဖြစ်သည့်အတွက် App မှ တစ်ခါတည်း ဖုန်းခေါ်ဆို သတင်းပို့နိုင်မည်ဖြစ်သည်။ Quarantine ဝင်နေရသည့် ပြည်သူတစ်ဦးချင်း စီ၏ တင်ပြချက်များ၊ ကျန်းမာရေးအခြေအနေများနှင့် တည်နေရာများကို အချိန်အလိုက် မှတ်တမ်းတင်ထားမည်ဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းများ အနေဖြင့် တစ်ဦးချင်းအလိုက်၊ နေ့ရက်အလိုက်၊ အချိန်အပိုင်းအခြားအလိုက် ပြန်လည်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

နိုင်ငံအနှံ့အပြားမှ နည်းပညာကျွမ်းကျင်သူ စေတနာ့ဝန်ထမ်းလူငယ်များ အနေဖြင့် “စောစောပြော Mobile App အသုံးပြုရေးလှုပ်ရှားမှုတွင် ပါဝင် ဆောင်ရွက်လိုပါက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး နော်ပန်း သဉ္ဇာမျိုး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထက်အောင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ များနှင့် ဦးရဲနိုင်မိုး ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် တာဝန်ရှိသူများနှင့် ဦးသောင်းစုငြိမ်းတို့ ထံ ဆက်သွယ်စာရင်းပေးသွင်းကြပါရန် တိုက်တွန်းထားသည်။

 

သတင်းအဖွဲ့