ကလေး ၃၀ ဇူလိုင်

ကလေးမြို့မြောက်ပိုင်း ဒေသများဖြစ်သော ရာဇဂြိုဟ်ကျေးရွာ၊ ခုံသာကျေးရွာ၊ ကံကြီးကျေးရွာ၊ နန်းကျင်းဆောင် ကျေးရွာများရှိ လယ်မြေများအတွက် ရာဇဂြိုဟ်ဆည်မှ စိုက်ပျိုးရေများ ပေးဝေလျက်ရှိကြောင်း သိရသည်။

 

3019

 

“ရာဇဂြိုဟ်ဆည်ကနေ ဒီနှစ် မိုးစပါး ဧကခြောက်ထောင် လျာထားပြီး လယ်မြေများအတွက် ရေပေးဝေလျက် ရှိပါတယ်။ တောင်သူတွေ ရေမရဘူးဆိုတာ မဖြစ်ရအောင် တောင်သူတွေရဲ့အသံကို နားထောင်ပြီး ဖြေရှင်းဆောင်ရွက်ပေးနေပါတယ်။ ဒီနှစ်ထဲမှာ မိုးခေါင်တော့ တောင်သူတွေက မိုးရေမရသလောက် ဖြစ်နေတယ်။ ရေပေးမြောင်းတိုင်းမှာ အဝေးဆုံးလူက အရင်ယူတဲ့စနစ်နဲ့ တစ်လှည့်စီ ယူသွားကြမယ်ဆိုရင် မိုးစပါး လျာထားဧက ခြောက်ထောင်ကို ပြည့်မီနိုင်မှာ ဖြစ်ပါတယ်” ဟု ရာဇဂြိုဟ်ဆည်မှ တာဝန်ခံ ဦးစီးအရာရှိ ဦးမျိုးထွန်းက ပြောသည်။

“ဆည်ရေကတော့ အခုတော့ မှန်နေတယ်။ ကျွန်တော့်မှာက မိုးစပါး ၁၃  ဧကလောက်ရှိတယ်။ ဒီ ၁၃ ဧကလုံးကို ဒီဆည်ကနေပဲ ရေပေးလို့ စိုက်ပျိုးထားပြီး ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ မိုးကခေါင်တော့ ဆည်ရေကို အောင်ရေရတဲ့အထိ ပေးနိုင်မယ်ဆိုရင်တော့ တောင်သူတွေအနေနဲ့ အဆင်ပြေမှာ ဖြစ်ပါတယ်” ဟု ရာဇဂြိုဟ်ရွာမှ  တောင်သူ ဦးတင်မောင်ဆွေက ပြောသည်။

ရာဇဂြိုဟ်ဆည်မှ ဇူလိုင် ၉ ရက်က စတင်၍ ၂ မဂ္ဂါဝပ် ၂ လုံးတွင် တစ်လုံးကို စတင်လည်ပတ် လျှပ်စစ်ထုတ်နေပြီး  လျှပ်စစ်ထုတ်လုပ်သည့် ရေကို စိုက်ပျိုးရေအနေဖြင့် မြောင်းလက်တံများဖြင့် ပေးဝေလျက်ရှိကြောင်း သိရသည်။

သျှင်နေမင်း (ဂန့်ဂေါ)