ရွာငံ အောက်တိုဘာ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိပြီး ကျေးရွာ လူနေမှုဘဝများ အဆင့်မြင့်မားတိုးတက်လာစေရန်၊ ရေရှည်ဖွံ့ဖြိုးတိုးတက်သော အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စံပြကျေးရွာများ ပေါ်ထွက်လာစေရန်နှင့် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ် ကောင်းမွန်လာစေရန် ရည်ရွယ်၍ အစိမ်းရောင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ကျေးရွာအဆင့် ခေါင်းဆောင်မှုသင်တန်းကို ရွာငံမြို့နယ်အတွင်းရှိ ကျေးရွာ ၂၁ ရွာတွင် ဖွင့်လှစ်ဆောင်ရွက်ပြီးဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါကျေးရွာ ၂၁ ရွာမှာ ဆတ်ခြံ၊ ဂွေးပင်၊ တောင်ဦး၊ တောင်ပို့ခေါင်း၊ နွားဘန်းကြီး၊ ပွေးနဖား၊ ကျောက်မြောင်း၊ ကပြင်၊ တောင်ခေါင်းပွ၊ ကိုးဆူ၊ ရေချမ်းပြင်၊ ကျောက်ပိဇပ်၊ ကျောက္ကူပြင်၊ ဆင်နက်ချောင်၊ သစ်စေးပင်၊ ဒလပင်၊ သိမ်ကုန်း၊ ညောင်ကုန်း၊ ဒုတ္ထိုးရေ၊ ယုန်တောင်၊ ရွာဆိုးကြီး ကျေးရွာများဖြစ်ပြီး သင်တန်းသား သင်တန်းသူ စုစုပေါင်း (၂၈၆)ဦးကို ယခုနှစ် စက်တင်ဘာလအတွင်း သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။ 

အဆိုပါသင်တန်းတွင် ရွာငံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းမြတ်ထိုက်နှင့် သက်ဆိုင်ရာ တာဝန်ခံဝန်ထမ်းများက တက်ရောက်လာကြသော သင်တန်းသူ သင်တန်းသားများအား အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ကျေးရွာအဆင့် ခေါင်းဆောင်မှုဆိုင်ရာ သင်ခန်းစာများ၊ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေးသင်ခန်းစာများကို ဆွေးနွေးသင်ကြားပို့ချ ပေးခဲ့ကြောင်း သိရသည်။

ငြိမ်းသူ