နေပြည်တော်၊ ၂  ဒီဇင်ဘာ

ရွာငံမြို့နယ်နှင့် နမ့်စန်မြို့နယ်တို့တွင် ငွေကျပ်သိန်း ၁၉၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းသတင်းထုတ်ပြန်ချက်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် နိုဝင်ဘာ ၃၀ ရက် နံနက် ၂ နာရီတွင် ရွာငံမြို့နယ်၊ အောင်ပန်း-ရွာငံသွား ကားလမ်း၊ တပ်ကုန်း ကျေးရွာအနီးတွင် အောင်ပန်းမှ ရွာငံဘက်သို့ မျိုးမင်းအောင်မောင်းနှင်ပြီး ကျော်ဆန်းဝင်းလိုက်ပါလာသည့် Express ခရီးသည်တင် မော်တော်ယာဉ်(ခရီးသည်မပါ)ကို ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ ၅ ဒသမ ၂၈ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၀,၀၀၀  တို့အား သိမ်းဆည်းရမိခဲ့သည်။ 

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့မှ မန္တလေးသို့ သယ်ဆောင်ရာတွင် ရှေ့ပြေးယာဉ်အဖြစ် ဝယ်ယူသယ်ဆောင်လာသူ အောင်ကျော်ဆန်း မောင်းနှင်ပြီး ဇနီး မတင်ဆန်းဝင်း၊ ကျော်လှိုင်ဘွားတို့ လိုက်ပါလာသည့် Honda Fit အမျိုးအစား မော်တော်ယာဉ်ဖြင့် လည်းကောင်း၊ အောင်အောင် မောင်းနှင်ပြီး သန့်ဇင်ကျော် လိုက်ပါလာသည့် Landcruiser အမျိုးအစား မော်တော်ယာဉ်ဖြင့် လည်းကောင်း ကြိုတင်မောင်းနှင်သွားကြောင်း သိရှိရသဖြင့် အဆိုပါ မော်တော်ယာဉ် နှစ်စီးအား နံနက် ၃ နာရီခွဲတွင် ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက်အရ ဒီဇင်ဘာ ၁ ရက် နံနက် ၉ နာရီခွဲခန့်တွင် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအား ရောင်းချသယ်ဆောင်ခိုင်းသူ သီဟဦး(ခ)အကြွင်း ငှားရမ်းနေထိုင်သည့် နမ့်စန်မြို့နယ်၊ ဝမ်ပုံကျေးရွာအုပ်စု၊ မီးသွေးကုန်းကျေးရွာရှိ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ သီဟဦး(ခ)အကြွင်းမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး နေအိမ်အိပ်ခန်းအတွင်းမှ ဘိန်းဖြူ သုည ဒသမ ၆၆ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ကျော်ဆန်းဝင်း(ခ)အောင်ဆန်းဝင်း(ခ)ယက္ခ၊ မျိုးမင်းအောင်(ခ)ကုလား ၊ မတင်ဆန်းဝင်း(ခ)မငယ်၊ အောင်ကျော်ဆန်း၊ ကျော်လှိုင်ဘွား(ခ)ကျော်ကြီး(ခ)ဝမ်းဝမ်း၊ အောင်အောင်(ခ)အောင်ကျော်ဦး၊ သန့်ဇင်ကျော်၊ သီဟဦး(ခ)အကြွင်း (ဖမ်းမမိ) တို့အား ဥပဒေအရ အမှုဖွင့်အရေးယူထားရှိကြောင်း သိရသည်။ 

သတင်းစဉ်