ရန်ကုန် ၉ ဇန်နဝါရီ
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနက ကျင်းပသော ရှားပါးအထောက်အထားများပြပွဲကို ဇန်နဝါရီ ၉ ရက်မှ ၁၁ ရက်အထိ အမှတ် (၆၀၄၊ ၆၀၈) ကုန်သည်လမ်း (၃၁-၃၂)လမ်းကြား ပန်းဘဲတန်းမြို့နယ် အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တွင် နံနက် ၉ နာရီခွဲမှ မွန်းလွဲ ၃ နာရီခွဲအထိ ပြသမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြပွဲတွင် ကိုလိုနီခေတ် (၁၉၃၈ ခုနှစ်မှ ၁၉၀၁ ခုနှစ်)အတွင်း မြန်မာ့သမိုင်းဆိုင်ရာ အထောက်အထား အင်္ဂလိပ်-မြန်မာ ရှားပါးစာအုပ်ပေါင်း ၇၀ ကျော်ကို ပြသလျက်ရှိသည်။

ယင်းပြပွဲတွင် ရှေးဟောင်းကျမ်းများ၊ မြန်မာစာပေ၊ မြန်မာရာဇဝင်ကျမ်းများ၊ ဥပဒေဆိုင်ရာ ဘုရားသမိုင်းများ၊ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော Books on Myanmar, language, Dirstrict Gazetter, Report, Census, Inscriptions စသည့်နှစ်ပေါင်း တစ်ရာကျော်ရှိသော ရန်ကုန်၊ မန္တလေး၊ အမရပူရ၊ ဗန်းမော်မြို့များ၏ မြင်ကွင်းကျယ်ဓာတ်ပုံများ၊ မြန်မာလူမျိုးများ၏ ဝတ်စားဆင်ယင်မှု၊ ယခင်ကာလအတွင်းဝန်ရုံး၊ ရွှေတိဂုံစေတီ၊ ဆူးလေစေတီနှင့် အခြားဓာတ်ပုံများ၊ ကျောက်စာပြခန်းများတွင် ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ခေတ်ကျောက်စာများ၊ ခေါင်းလောင်းစာ၊ စဉ့်ကွင်းစာ၊ ဆင်းတုစာ၊ ကျောက်စာကူးနည်းများကိုလည်း ပြသထားသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က “အမျိုးသားစာကြည့်တိုက်(ရန်ကုန်) အဆောက်အအုံကို ပြုပြင်မွမ်းမံပြီးတော့မှ စာကြည့်တိုက်အဖြစ် ပြောင်းရွှေ့ဖွင့်လှစ်ဖို့ ဧပြီပထမပတ်မှာ ဖွင့်လှစ်ဖို့ လျာထားပါတယ်။ အဲဒီမတိုင်ခင်မှာ စာကြည့်တိုက်နဲ့ ပတ်သက်လို့ ပြည်သူလူထုကို အသိပေးချင်တဲ့အတွက်ကြောင့် ဖွင့်ပွဲအကြိုအခမ်းအနားတွေအနေနဲ့ ဧပြီမတိုင်ခင် လစဉ်ကျင်းပသွားဖို့ ရည်ရွယ်တာပါ”ဟု ပြောသည်။
ဝါရင့်သမိုင်းသုတေသီကြီးများ၏ သမိုင်းဆိုင်ရာ သုတေသန အတွေ့အကြုံများကို ဝေမျှပေးခြင်းဖြင့် အများပြည်သူတို့အား အတိုင်းအတာတစ်ခုအထိ အကျိုးဖြစ်ထွန်းစေရန်နှင့် မျိုးဆက်သစ်လူငယ်များ ဗဟုသုတ ရှာမှီးလိုသူများအတွက် ရှားပါးအထောက်အထားများကို သိမြင်စေရန် ရည်ရွယ်ပြသကြောင်း သိရသည်။

အဆိုပါပြပွဲအပြင် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ ထုတ်ဝေသော စာအုပ်များအပြင် ကံကော်ဝတ်ရည်၊ နန်းဒေဝီ၊ လောကသရဖူ၊ မိုးကျော်၊ Quality အစရှိသည့် စာအုပ်တိုက်များမှ ပါဝင်ရောင်းချပေးလျက်ရှိပြီး ဇန်နဝါရီ ၁၀ ရက်တွင် ဒေါက်တာခင်မောင်ညွန့်၊ ဒေါက်တာသော်ကောင်း၊ ဦးထွန်းအောင်ချိန်၊ ဦးစိုင်းအောင်ထွန်းတို့က “New Views, Fresh Finds” သုတေသနစာတမ်းဖတ်ပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သတင်း- ဝင်းဝင်းမော်
ဓာတ်ပုံ- လှမိုး