မြန်မာတို့၏ ၂၀၁၉ ခုနှစ် နှောင်းပိုင်းလများမှစတင်၍ ၂၀၂၀ ပြည့်နှစ်အတွက် ရာပြည့်လှုပ်ရှားမှုများက မြန်မာ တစ်မျိုးသားလုံးအတွက် အားမာန်တစ်ခုကိုနှိုးထပေးနိုင်မည်ဟု ယုံကြည်ပါသည်။ ဂျီစီဘီအေ ရာပြည့်၊ အမျိုးသားကျောင်း ရာပြည့်၊ ရန်ကုန်တက္ကသိုလ် ရာပြည့်၊ မြန်မာ့ရုပ်ရှင် ရာပြည့်များနည်းတူ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်မည့် အမျိုးသားအောင်ပွဲနေ့ တစ်နေ့သည်လည်း ထူးခြားထင်ရှားသော ရာပြည့်နှစ် အကြိုနေ့တစ်နေ့ ဖြစ်ပါသည်။
နိုင်ငံတစ်နိုင်ငံတွင် ပညာရေးရေခံမြေခံကောင်းမှုသည် မျိုးချစ်စိတ်ဓာတ်ကို နိုးကြားရှင်သန်စေသလို ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားရေးကိုလည်း အထောက်အကူပြုပါသည်။ ခိုင်မာမြဲမြံသော ပြည်ထောင်စု စိတ်ဓာတ်ကား မိမိနိုင်ငံ၊ မိမိလူမျိုးအတွက် အမျိုးသားရေး အကျိုးစီးပွားဖော်ဆောင်ရာကို သယ်ဆောင်ပေးရာ ပညာရေး၊ မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်နှင့် အမျိုးသားရေးတာဝန်များ တစ်ခုနှင့်တစ်ခုဆက်စပ်မှု ရှိပုံကို ဖော်ညွှန်းလိုခြင်း ဖြစ်ပါသည်။
မြေတောင်မြှောက်ပေးနိုင်ခဲ့သည့် အမျိုးဘာသာ၊ သာသနာ၊ ပညာ ဝိုင်အမ်ဘီအေက မွေးဖွားပေးခဲ့သော ဂျီစီဘီအေ သည် မြန်မာတိုင်းရင်းသားတစ်မျိုးသားလုံး ဗြိတိသျှလက်အောက် သူ့ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် ကနဦးရည်ရွယ်ချက်များဖြစ်သော အမျိုးဘာသာ၊ သာသနာ၊ ပညာပြန့်ပွားထွန်းကားရေးကို ဖြစ်ပေါ်စေခဲ့သည်။
မျိုးချစ်စိတ်နှင့် ဘာသာ၊ သာသနာ၊ ပညာထွန်းကားမှုက အမျိုးသားရေးစိတ်ဓာတ်ကို မြေတောင်မြှောက် ပေးနိုင်ခဲ့သည်။ အမျိုးသားရေးစိတ်ဓာတ်က နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်ကိုလည်း ပြင်းထန်စေပြီး လွတ်လပ်ရေးကို အရယူနိုင်စွမ်းရှိခဲ့သည်ကို မြန်မာလူမျိုးအားလုံး၏အသိတွင် ကိန်းအောင်းပြီးဖြစ်ပါသည်။ သို့ဆိုလျှင် ယခုလို ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်နေသည့် ကာလ၊ အမျိုးသားရေးစရိုက်လက္ခဏာများ မပျက်ယွင်း အောင် ထိန်းသိမ်းစောင့်ရှောက်နေရသည့် ကာလမျိုးတွင် ထိုအသိ၊ ထိုခံယူချက်များ မြန်မာတစ်မျိုးသားလုံးတွင် မြင့်မားနေစေရန် အထူးလိုအပ်လှသည်။
ပညာရေးကိုအခြေခံသည့် အမျိုးသားရေးစိတ်ဓာတ်ဖြင့်ပင် တိုင်းရင်းသားပေါင်းစုံမှီတင်းနေထိုင်သည့် ပြည်ထောင်စုနိုင်ငံတော်ကြီးကို တည်ထောင်၍ ယနေ့အထိ ရပ်တည်နေနိုင်သည်ကို သတိပြုအပ်လှသည်။ စစ်မှန်သည့် အမျိုးသားရေးစိတ်ဓာတ်ကား နိုင်ငံနှင့် နိုင်ငံသား အားလုံးအတွက် အသက်သွေးတမျှ အရေးကြီးလှသည်။ မိမိနိုင်ငံ၊ မိမိဒေသချစ်စိတ်၊ တိုင်းရင်းသားအချင်းချင်း အေးအတူပူအမျှ၊ ဥမကွဲသိုက်မပျက် ၊ ပူးပေါင်းကူညီ နေထိုင်လိုစိတ်များကသာ ရင်ဆိုင်နေရသော အခက်အခဲများ၊ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်မည်ဖြစ်သလို ပြည်ပ၏ ဖိအား၊ ထိုးဖောက်ဝင်ရောက်နေသော ပြင်ပယဉ်ကျေးမှု၊ အတွေးအခေါ်များကိုလည်း တွန်းလှန်ဖယ်ရှားကာကွယ် နိုင်မည်ဖြစ်သည်။
အမျိုးသားအောင်ပွဲကပေးသော လွတ်လပ်ရေးအတွက် ဩဇာအရှိန်အဝါ ကိုလိုနီခေတ် ကျောင်းသားလှုပ်ရှားမှုကြီးကို ပြန်ပြောင်းကြည့်ရှုမိလျှင် ဗြိတိသျှနယ်ချဲ့တို့ ၁၉၂၀ ပြည့်နှစ် ဇွန်လတွင် ထုတ်ပြန်ကြေညာခဲ့သည့် ကိုလိုနီ စနစ်ကို သက်ဆိုးရှည်စေပြီး အုပ်ချုပ်သူအလိုကျ ဖန်တီးထားသည့် ကျွန်ပညာရေးဟု တင်စားခဲ့သည့် ပညာရေးဥပဒေကို ကျောင်းသားများ၊ ဂျီစီဘီအေ အသင်းများက ကန့်ကွက်နေသည့်ကြားမှ မြန်မာပြည် အတိုင်ပင်ခံဥပဒေပြုအဖွဲ့နှင့် အိန္ဒိယဘုရင်ခံချုပ်တို့က အတည်ပြုလက်မှတ်ရေးထိုးခဲ့ရာမှ ကောလိပ် နှစ်ခုမှကျောင်းသားများ ခေါင်းဆောင်သည့် ဆန္ဒပြကော်မတီများ ဖွဲ့စည်း၍ တစ်နိုင်ငံလုံး ဆန္ဒပြခဲ့ကြသည်ကို တွေ့ရှိရသည်။ ထိုထိုသော ပထမဦးဆုံးဆန္ဒပြမှုကြီးက ဗြိတိသျှအစိုးရကို အတော်အထိနာစေခဲ့သည်။
အမျိုးသားကျောင်းများ ပြန့်ပွားပျံ့နှံ့ပေါ်ပေါက်ခဲ့သလို ထိုအမျိုးသားကျောင်းများမှ ခေတ်ပညာတတ် တော်လှန်ရေး ခေါင်းဆောင်များ၊ လွတ်လပ်ရေးဗိသုကာများစွာကို မွေးထုတ်ပေးနိုင်ခဲ့သည်။ ထိုခေတ်ထိုအခါက ကျောင်းသား၊ သပိတ်တွင် ဦးဆောင်ပါဝင်ခဲ့ကြသည့် ကျောင်းသားများ၏ခံယူချက်တွင် တိုင်းပြည်အတွက်ဆိုလျှင်၊ ပညာရေးအတွက် ဆိုလျှင် ကိုယ့်အကျိုးကို ဦးစားမပေးဘဲ တိုင်းပြည်နှင့်လူမျိုး မျက်နှာကိုသာကြည့်ပြီး တိုင်းပြည်တာဝန်ကို စွန့်လွှတ်မှု များဖြင့် ထမ်းဆောင်ခဲ့ကြသည်ဟု မြင်မိသည်။
ကျောင်းသားများသည် ကောလိပ်မှရရှိမည့် ဘွဲ့ဒီဂရီကိုလည်း စွန့်လွှတ်ရုံသာမက နောင်လာမည့် မြို့ပိုင်၊ နယ်ပိုင်၊ အရေးပိုင် ရာထူးများကိုလည်း မမက်ခဲ့ကြပေ။ ထိုစွန့်လွှတ် အနစ်နာခံမှုများကပင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ ယုံကြည်မှုကို ရရှိစေပြီး လွတ်လပ်ရေးရရှိအောင်ဆောင်ရွက်ရာတွင် အရေးပါလှသော စူးရှထက်မြက်သော အရှိန်အဝါ ဩဇာအာဏာများအဖြစ် လူငယ်ခေါင်းဆောင်တို့ လက်ဝယ်ပိုင်ဆိုင်ရရှိခဲ့ကြသည်။ ထိုလက်နက်ကိုပင် နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရေးတွင် ကောင်းစွာ အသုံးချနိုင်ခဲ့ကြကြောင်း တွေ့ရှိရသည်။ ကိန်းအောင်းနေရမည့် ခံယူချက်ကောင်းများဖြင့် ယနေ့လူငယ် လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလ ကျောင်းသား လှုပ်ရှားမှုက သန္ဓေတည်ပေးခဲ့သော ခေါင်းဆောင်များ၏ မျိုးချစ်စိတ်၊ အမျိုးသားရေးဇာတိမာန်များနှင့်အတူ ရိုးသားမှု၊ စွန့်လွှတ်မှု စသည့်ခံယူချက်ကောင်းများ ယနေ့ခေတ်ပညာခရီးသည်လူငယ်လူရွယ်များတွင် နမူနာယူ ကိန်းအောင်းစေလိုပါသည်။ တိုင်းပြည်ငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့ခေါင်းဆောင်များ၏ ကြိုးပမ်းအားထုတ်မှုများနှင့်အတူ အလွှာအားလုံး၏ ပူးပေါင်းပါဝင်မှုကို မဏ္ဍိုင်ပြုနေသည့် ယနေ့ကာလတွင် လုပ်ရသလောက် ရလဒ်ကောင်းပြီး ပါဝင်သမျှအကျိုးရှိဖို့ဆိုလျှင် ပညာဉာဏ်ထက်မြက်သော လူငယ်များ၏ကဏ္ဍသည် အရေးကြီးသည်မှာ ထင်ရှားပါသည်။
ယခုလို ၂၀၁၉-၂၀၂၀ ရာပြည့်ဝန်းကျင်ကာလတွင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးတာဝန်များကို ဆက်လက်ထမ်းပိုးဆောင်ရွက်နိုင်မည့် အမျိုးသားရေးတာဝန်ရှိသော ခေါင်းဆောင်ကောင်းများအဖြစ် တစ်ထောင့်တစ်နေရာမှ ဆက်ခံနိုင်အောင် ရိုးဖြောင့်မှန်ကန်မှု၊ ပညာဉာဏ်နှင့် မျိုးချစ်စိတ်ဓာတ်များ မိမိတို့၏သန္တာန်တွင် ကိန်းအောင်းမွေးမြူနေရန် လိုအပ်လှပါသည်။ သို့မှသာ တည်ငြိမ်မှုကိုလိုလားသည့် ပြည်သူများ၏ဆန္ဒလည်း ပြည့်မည်ဖြစ်ပြီး ငြိမ်းချမ်းရေး ခရီးလည်း ဖြောင့်ဖြူးကာ ဖွံ့ ဖြိုးတိုးတက်မှုလည်း မြန်ဆန် လာမည်ဖြစ်သည်။ ခွဲခြားဆက်ဆံမှုကို လက်မခံမှုက လွတ်လပ်ရေးအတွက် စည်းရုံးရေးလက်နက် ကျွန်ပညာရေးဟုခေါ်ဆိုသည့် တက္ကသိုလ်ဥပဒေကို သပိတ်မှောက်ရာတွင် အဓိကဦးတည်တောင်းဆို ကန့်ကွက်ချက်များတွင် ဗြိတိသျှအစိုးရက မြန်မာကျောင်းသားများ၊ အပေါ် ခွဲခြားဆက်ဆံမှုများလည်း ပါဝင်ပါသည်။
အခွင့်ထူးခံနှင့် အသားအရောင်ခွဲခြားဆက်ဆံမှု၊ ကိုလိုနီ ပြုသူနှင့် အပြုခံသူ အဖိနှိပ်ခံဘဝများအကြား ခွဲခြားဆက်ဆံမှုများကို မြင်တွေ့ရသည်။ မည်သည့်နေရာတွင်မဆို ခွဲခြားမှု၊ နှိမ့်ချဆက်ဆံမှုသည် တိုးတက်မှုနှင့် ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်သည်။ ဤသည်ကို ကျောင်းသားများက အမျိုးသားရေးကိစ္စတစ်ရပ်အဖြစ် ကန့်ကွက်ခဲ့ကြသည်။
ထိုကဲ့သို့ ခွဲခြားအုပ်ချုပ်မှုကို ဦးတည်သည့် ပရိယာယ် ပါသော ဗြိတိသျှတို့၏ ပညာရေးဥပဒေအပေါ် ခွဲခြားမှုကို လက်မခံသည့် ကျောင်းသားများ၏ ဆန့်ကျင်မှုက တစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်မှုကို အခြေခံသည့် လွတ်လပ်ရေးရယူနိုင်မှုအတွက် ကျေးဇူးတင်ရမည့် အချက်တစ်ခုဖြစ်ပါသည်။ ဆိုလိုသည်မှာ ကျောင်းသားများ၏ စိတ်ဓာတ်ခံယူချက်ကောင်းများက အမျိုးသား စည်းလုံးညီညွတ်ရေးကို အခိုင်အမာမျိုးစေ့ချပေးလိုက် နိုင်ခြင်းဖြစ်သည်။ စင်စစ်အမျိုးသားနေ့ဟူသည် မြန်မာ့ သမိုင်းဖြစ်စဉ်များထဲက တစ်ခုဖြစ်သည်။ မြန်မာ့ပညာရေး နှင့်ပတ်သက်၍ သမိုင်းဝင်နေ့ထူးနေ့မြတ်တစ်ခုလည်း ဖြစ်သည်။ အမျိုးသားစည်းလုံးညီညွတ်မှုကို အခိုက်အတန့် ဖော်ကျူးနိုင်ခဲ့သော အမျိုးသားအောင်ပွဲလည်း ဖြစ်သည်။
ထိုအခြင်းအရာများသည်လူမှုရေး၊ ဘာသာရေး အခြေခံဖြင့် ဖွဲ့စည်းခဲ့သော ဝိုင်အမ်ဘီအေသင်းအဖွဲ့ကြီးက စတင်ခဲ့သည်ကိုလည်း မေ့လျော့၍ မရကောင်းပါ။ လူမှုရေး၊ ဘာသာရေးကိုအခြေခံ၍ အမျိုးသားရေးခံယူချက်များ ပြန့်ပွားလာသည့်နည်းတူ ဗုဒ္ဓသာသနာသည် ပညာရေး၊ လူမှုရေးဝန်းကျင်ကောင်းများကို ဖန်တီးနိုင်ခဲ့သည်။ ဘာသာနှင့် လူမှုရေးလုပ်ငန်းများအကြား အပြန်အလှန် အမှီသဟဲပြုကာ အင်အားကိုဖြစ်စေခဲ့သည်။ နိုင်ငံအနှံ့ လူမှုဝန်ထမ်းလုပ်ငန်းများကို လုပ်ဆောင်နိုင်ခဲ့ကြပြီး ပြည်သူများတွင် ဝံသာနုရက္ခိတများ၊ ပရဟိတစိတ်ဓာတ်များ ထွန်းကားလာခဲ့သည်ကို တွေ့ရှိရသည်။ လက်ဆင့်ကမ်းအမွေပေးရမည့် အမျိုးသားရေးတာဝန် နှစ်စဉ်တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တိုင်း ဦးတည်ချက်ကောင်းများဖြင့် ရည်ရွယ်ကျင်းပသော အမျိုးသားအောင်ပွဲနေ့သည် ယခုနှစ်တွင် (၉၉) နှစ်မြောက် အဖြစ်လည်းကောင်း၊ ရာပြည့်နှစ်ဝန်းကျင်တစ်ခုသို့ လည်းကောင်း ရောက်ရှိနေပြီဖြစ်ပါသည်။ အမျိုးသားရေး တာဝန်များဟူသည် နိုင်ငံနှင့် ပြည်သူအားလုံး၏ အမျိုးသားအကျိုးစီးပွားကို ရှေးရှုဆောင်ရွက်ရန်တာဝန်ရှိလာလျှင် မမှိတ်မသုန်ခံယူဆောင်ရွက်သွား ရမည့် တာဝန်တစ်ရပ်ပင်ဖြစ်သည်။
မိမိနိုင်ငံအတွင်း ရှေးဘိုးဘေးဘီဘင် လက်ထက်မှစ၍ အစဉ်တစိုက် ထိန်းသိန်းစောင့်ရှောက်လာခဲ့သော လွတ်လပ်ရေးနှင့်အတူ ဘာသာတရား၊ ဘာသာစကား၊ စာပေယဉ်ကျေးမှု၊ ဇာတိသွေးဇာတိမာန်၊ စိတ်ဓာတ်၊ ကိုယ့်လူမျိုးတိုင်းရင်းသားအချင်းချင်း ဖေးမကူညီရိုင်းပင်း လိုသည့်စိတ်ဓာတ်၊ လူမျိုးတစ်မျိုး ဘေးအန္တရာယ် ကျရောက်လျှင် ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ခြင်း စသည့် စိတ်ဓာတ်များကို နောင်လာနောက်သားများအား လက်ဆင့်ကမ်းအပ်နှင်းနိုင်ရန် အားလုံးတွင် တာဝန် ရှိပါသည်။
၎င်းအချက်များသည် ထမ်းဆောင်ရမည့်၊ အမွေပေးရမည့် အမျိုးသားရေးတာဝန်တစ်ရပ်ပင် ဖြစ်ပါသည်။ တစ်ဦးအပေါ်တစ်ဦး ကိုယ်ချင်းစာနားလည်ပေးမှု၊ တစ်ဦး၏အခွင့်အရေးကို တစ်ဦးက လေးစားသမှုပြုမှု၊ တစ်ဦးနစ်နာနိုင်မည့်အရေးကို အခြားတစ်ဦးက သတိထား ဆင်ခြင်မှု စသည့်အချက်များသည် တစ်ဦးပေါ်တစ်ဦး မေတ္တာနှောင်ကြိုးကို ပိုမိုရစ်တွယ်စေနိုင်ပြီး တိုင်းရင်းသား ပြည်သူအားလုံးလွှမ်းခြုံတာဝန်ယူရမည့် အမျိုးသားရေး တာဝန်ကို ပိုမိုအထောက်အကူ ဖြစ်စေပါသည်။
တိုးတက်ပြောင်းလဲလိုမှုနှင့် သင်ခန်းစာယူနိုင်ဖွယ်ရာများ ပြောင်းလဲမှုသည် မိမိတစ်နိုင်ငံတည်းတွင်သာမဟုတ် ကမ္ဘာနှင့်တစ်ဝန်းတွင်လည်း ပြောင်းလဲနေသည်ကို တွေ့ရပါမည်။ ကမ္ဘာ့နိုင်ငံများတွင် အချို့သောပြောင်းလဲမှုသည် တိုးတက်မှုသို့ ဦးတည်နေသော်လည်း ဆုတ်ယုတ်မှုသို့ရှေးရှုနေသော အချို့သောအပြောင်းအလဲများကိုလည်း သင်ခန်းစာယူဖွယ်ရာ တွေ့နိုင်ပါသည်။
ကမ္ဘာ့ဖြစ်စဉ်ဖြစ်ရပ်အချို့ ပြုပြင်ပြောင်းလဲမှုများတွင် ခံယူကျင့်သုံးမှုမှားယွင်းသော အမျိုးသားရေးစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးသားရေးတာဝန်ကင်းမဲ့သော ကမ္ဘာ့လူ့အဖွဲ့ အစည်းများတွင် ဆုတ်ယုတ်ပျက်စီးမှု၊ မလိုလားအပ်သော နှောင့်နှေးမှုများကိုသာ တွေ့မြင်ရတတ်ပါသည်။ ယနေ့ မြန်မာလူငယ်အများစုတွင် နိုင်ငံနှင့် နိုင်ငံသားများအတွက် ဖွံ့ဖြိုးတိုးတက်မှု အတွေးအခေါ်များ ဖွံ့ဖြိုးတိုးတက်ဆဲ အနေအထားမှ ရုန်းကန်တိုးထွက်လိုသော စေတနာနှင့် စိတ်ဓာတ်များ ပိုင်ဆိုင်ထားကြသည်မှာ သံသယဖြစ်စရာမလိုပါ။ အမျိုးသားအောင်ပွဲနေ့၏ သမိုင်းဝင်ဂုဏ်ယူမှတ်သား ဖွယ်ရာများကို ပြန်လည်အောက်မေ့ သတိရလျက် ကိုလိုနီခေတ်ကျောင်းသားများ၊ ခေါင်းဆောင်များ၊ ရဟန်းသံဃာများ၏ စွန့်လွှတ်အနစ်နာခံမှု၊ ရဲရင့်သတ္တိရှိမှု၊ မိမိအသက်ကိုပင် ပဓာနမထား မြော်တွေးနိုင်မှု စိတ်ဓာတ်နှင့် ခံယူချက်များကိုဆင်ခြင်သုံးသပ် အတုယူ နိုင်ကြရန်သာ လိုပါသည်။
သို့ဖြစ်၍ နိုင်ငံ့တာဝန်ကို ပခုံးပြောင်းတာဝန်ယူ ရမည့် ယနေ့လူငယ်များအနေဖြင့် ခက်ခက်ခဲခဲ ထမ်းဆောင်ရမည့် နိုင်ငံ့အရေး၊ နိုင်ငံ့တာဝန်များကိုလွယ်လွယ်ကူကူ အောင်အောင်မြင်မြင် ကျော်ဖြတ် နိုင်ရန် အမျိုးသားနေ့ ဦးတည်ချက်၊ အမျိုးသားနေ့ဆောင်ပုဒ်များနှင့်အညီ တန်ဖိုးကြီးမားသော စိတ်ဓာတ် ခံယူချက်များဖြင့် ပူးပေါင်းပါဝင်နိုင်ကြစေရန် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုရေးသား လိုက်ရပါသည်။
ဒေါက်တာမြတ်စိုး