ရာပြည့်အမျိုးသားအောင်ပွဲနေ့မှသည် တိုင်းရင်းသားအားလုံး ပူးပေါင်းဆောင်ရွက်လို့ ပြည်ထောင်စုငြိမ်းချမ်းရေးတည်ဆောက်စို့ .....

နှစ် (၁၀၀) ပြည့် အမျိုးသားအောင်ပွဲနေ့ ဂုဏ်ပြုဆောင်းပါး

တက္ကသိုလ်ပွင့်သူအောင်


တန်ဆောင်မုန်းလပြည့်ကျော်       ၁၀     ရက်နေ့သည် ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံး၏ အမျိုးသား အောင်ပွဲနေ့ ဖြစ်သည်။   မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အမျိုးသားရေးစိတ်ဓာတ်မြင့်မားစွာ ဖြင့်       ကိုလိုနီပညာရေးစနစ်     တွန်းလှန်ဖယ်ရှားပြီး အမျိုးသားပညာရေးစနစ်သို့      ပြောင်းလဲပေးနိုင်ခဲ့သည့် နေ့ပင်       ဖြစ်သည်။    ထို့အပြင်      ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးတို့     ဆုံးရှုံးလက်လွှတ်ခဲ့ရသော လွတ်လပ်ရေးကို ပြန်လည်ရယူရန်အတွက် ဇာတိသွေး၊  ဇာတိမာန်၊     မျိုးချစ်စိတ်၊   ပြည်ချစ်စိတ်၊  အမျိုးသားရေး စိတ်ဓာတ်များ   တဖွားဖွားပေါ်ပေါက်လာစေခဲ့သောနေ့ လည်း ဖြစ်သည်။ 
၁၉၂၂ ခုနှစ် ဇွန်လတွင် ရန်ကုန်မြို့ရှိ ဂျူဗလီဟော၌  ကျင်းပသော      မြန်မာနိုင်ငံလုံးဆိုင်ရာ    အသင်းချုပ် (ဂျီစီဘီအေ)   (General    Council   of     Burmese Association-GCBA)      အထူးကွန်ဖရင့်က      မြန်မာ တစ်မျိုးသားလုံး၏ အမျိုးသားရေးစိတ်ဓာတ်ကို မြှင့်တင် ပေးခဲ့သည်။  ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို   မကျေနပ် ၍ တက္ကသိုလ်ကျောင်းသားများ စတင်အရေးဆိုခဲ့သော နေ့ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက် (မြန်မာသက္ကရာဇ်  ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်) ကို အမျိုးသားအောင်ပွဲနေ့အဖြစ်    သတ်မှတ်ခဲ့ရာ    ယခုနှစ် ၂၀၂၀ ပြည့်နှစ်  ဒီဇင်ဘာလ ၉ ရက်၊   (မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်)  ၌  နှစ်တစ်ရာပြည့်ပြီ ဖြစ်သည်။
အမျိုးသားရေးစိတ်ဓာတ်ဆိုသည်မှာ
အမျိုးသားရေးစိတ်ဓာတ်ဆိုသည်မှာ    တစ်နိုင်ငံလုံး ကြီးပွားတိုးတက်ရေးစိတ်ဓာတ်ပင် ဖြစ်သည်။ တစ်နည်း အားဖြင့်  ဝံသာနုရက္ခိတစိတ်ဓာတ်ဟူ၍လည်း  ခေါ်ဝေါ် ကြသည်။    ဤစိတ်ဓာတ်ဖြင့်    နှစ်ပေါင်းတစ်ရာကျော် သူ့ကျွန်ဘဝမှရုန်းထွက်ပြီး   လွတ်လပ်ရေး  အရယူပေး နိုင်ခဲ့သည်။ အမျိုးသားရေးစိတ်ဓာတ်သည် တစ်မျိုးသား လုံးနှင့် သက်ဆိုင်သော အရေးအရာကိစ္စများအားလုံးကို အောင်မြင်နိုင်အောင်ဆောင်ရွက်နိုင်သည့်  စိတ်ဓာတ်မျိုး  ဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့်  ကဏ္ဍ အစုံစုံတွင်  အခြားနိုင်ငံများနှင့်   နှိုင်းယှဉ်လျှင်   ရှေ့တန်း ရောက်အောင် ကြိုးပမ်းလိုသည့် စိတ်ဓာတ်သည်လည်း  သင့်မြတ်သော   အမျိုးသားရေးစိတ်ဓာတ်   ဖြစ်သည်။ ထို့ကြောင့် အမျိုးသားရေးစိတ်ဓာတ်သည် ဆက်လက် တည်ရှိနေရန်လိုအပ်ပြီး       အမျိုးသားရေးစိတ်ဓာတ် ကိန်းအောင်းရှင်သန်ရန်အတွက်  နှစ်စဉ် တန်ဆောင်မုန်း လပြည့်ကျော်  ၁၀  ရက်နေ့ရောက်တိုင်း    နိုင်ငံအနှံ့ အမျိုးသားအောင်ပွဲနေ့များကို ကျင်းပခဲ့ခြင်းဖြစ်သည်။ 
အမျိုးသားရေးစိတ်ဓာတ်အစ အမျိုးသားကျောင်းကမြန်မာ့သမိုင်းတွင် ၁၉၂၀ အမျိုးသားရေးနိုးကြားလာမှု ဖြစ်စဉ်များက    အလွန်အရေးပါခဲ့သည်။ ထိုကာလက စည်းရုံးရေးဩဇာလွန်စွာကြီးမားပြီး       အမျိုးသားရေး၊ ဘာသာရေးကို     အထူးပြုရည်ရွယ်      ဆောင်ရွက်ခဲ့သော အသင်းကြီးမှာ   ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဝိုင်အမ်ဘီအေ) (Young Man’s Buddhist Association-YMBA) ပင် ဖြစ်သည်။ ဝိုင်အမ်ဘီအေအသင်းကြီးသည် ၁၉၀၆  ခုနှစ်တွင် စတင်သန္ဓေတည်ပေါက်ဖွားလာခဲ့ရာ  ယခုနှစ်၌ ၁၁၄ နှစ်တိုင်ခဲ့ပြီ ဖြစ်သည်။ အသင်းကြီး၏ရည်ရွယ်ချက်အား “အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာကြီးပွားတိုးမြှင့်ရေး” ဟု သတ်မှတ်ခဲ့သည်။ ၁၉၂၀ ပြည့်နှစ် အောက်တိုဘာလတွင် ဝိုင်အမ်ဘီအေနှင့် အလားတူအသင်းများ၏ နိုင်ငံလုံးဆိုင်ရာ ကွန်ဖရင့်ကို ပြည်မြို့၌ ကျင်းပခဲ့သည်။ ထိုအစည်းအဝေး မှာပင် ဝိုင်အမ်ဘီအေအသင်းအနေဖြင့် အမျိုးသားရေးအပြင် အခြားတာဝန်များကို  ကျယ်ပြန့်စွာ   ဆောင်ရွက်နိုင်စေရန် အသင်းချုပ်၏အမည်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ အသင်းချုပ်  (ဂျီစီဘီအေ) (General Council of Burmese Association-GCBA) အဖြစ် ပြောင်းလဲခေါ်ဝေါ်ခဲ့ကြသည်။
ဂျီစီဘီအေအသင်းကြီးသည်  ၁၉၂၀  ပြည့်နှစ်တွင်  လွတ်လပ်ရေးဦးတည်ချက်များကို ရှေ့တန်းတင်၍ နိုင်ငံရေး အနှစ်သာရအလေးအနက်         ပါဝင်လာခဲ့ခြင်းကြောင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပြည်ထောင်စုဖွားတိုင်းရင်းသား အားလုံးကို လှုပ်ခတ်အားတက်သွားစေခဲ့သည်။  အမျိုးသား ရေး စိတ်ဓာတ်များအုံကြွလာပြီး ကိုလိုနီဆန့်ကျင်ရေး၊ နယ်ချဲ့ တော်လှန်ရေးအယူအဆများ   ပိုမိုကျယ်ပြန့်လာခဲ့သည်။ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး   ၁၈၅၃  ခုနှစ်တွင် အောက်မြန်မာနိုင်ငံတစ်ခုလုံး ဗြိတိသျှနယ်ချဲ့လက်အောက် သို့ ကျရောက်သွားခဲ့သည်။ ဗြိတိသျှနယ်ချဲ့အစိုးရအုပ်ချုပ် သည့် အောက်မြန်မာနိုင်ငံတွင် ပညာရေးစနစ် အပြောင်းအလဲ နှင့်အတူ ၁၈၇၀ ပြည့်နှစ်မှစ၍   အင်္ဂလိပ်-မြန်မာနှစ်ဘာသာ သင်အစိုးရကျောင်းများ၊ ခရစ်ယာန်သာသနာပြုကျောင်းများ တည်ထောင်လာသည်။   ထိုစဉ်က   ဗြိတိသျှနယ်ချဲ့ အစိုးရ၏  ပညာရေးမူဝါဒမှာ  မြန်မာနိုင်ငံသားတို့၏ ပညာရေးကို အစိုးရက တာဝန်ယူဆောင်ရွက်ရန်မဟုတ်ဘဲ ကိုယ့်ဘာသာ ကိုယ်တည်ထောင်သော ကျောင်းများကို  ထောက်ပံ့ပေးရန်၊     စည်းကမ်းချမှတ်ရန်၊    စစ်ဆေးရန် အတွက်သာ ဖြစ်သည်။
ထိုစဉ်မှာပင် မြန်မာနိုင်ငံကို  အိန္ဒိယနှင့် ပေါင်းစည်း ထားခြင်းအား      ခွဲထုတ်ရန်နှင့်       ပညာရေးတွင်လည်း  ကာလကတ္တားတက္ကသိုလ်         လက်အောက်ခံမဟုတ်ဘဲ သီးခြားလွတ်လပ်သည့်   တက္ကသိုလ်တည်ထောင်ပေးရန်  အမျိုးသားရေးစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ် ကိန်းအောင်း နေပြီဖြစ်သော မြန်မာတို့၏ တောင်းဆိုမှုများ ပြင်းထန် လာခဲ့သည်။      ထို့ကြောင့်    ဗြိတိသျှနယ်ချဲ့အစိုးရသည် ရန်ကုန်တက္ကသိုလ်အက်ဥပဒေ (Rangoon University Act)  ကို   လေးနှစ်ခန့်ကြာအောင်    ရေးဆွဲခဲ့ပြီး ၁၉၂၀ ပြည့်နှစ် ဇွန်လတွင် အဆိုပါအက်ဥပဒေကို မြန်မာပြည်သူ တို့အား ချပြခဲ့သည်။ ထိုအခါ မြန်မာပြည်သူတို့က ရန်ကုန် တက္ကသိုလ်အက်ဥပဒေသည်    ပညာတတ်နည်းပါးပြီး အောက်တန်းကျသည့်       အလုပ်များကိုသာ    လုပ်ကိုင် နိုင်စေရန်   ရည်ရွယ်ထားသည်ဟူ၍   ဝေဖန်ရှုတ်ချကာ “ကျွန်ပညာရေး အလိုမရှိ” ဟူသော  ကြွေးကြော်သံများဖြင့်  နယ်ချဲ့အစိုးရကို ပထမအကြိမ်အဖြစ် စတင်အန်တုကာ နိုင်ငံရေးအရ နိုးကြားလာခဲ့သည်။ 
မည်သို့ပင်ဆိုစေ၊  ၁၉၂၀  ပြည့်နှစ်  ဒီဇင်ဘာလ ၁ ရက် ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို  ပြင်ဆင်ချက်   အနည်းငယ်မျှသာ    ပြင်ဆင်ပြီးနောက် ရန်ကုန်တက္ကသိုလ်ကို စတင်ဖွင့်လှစ်ခဲ့သည်။ ယင်းရန်ကုန် တက္ကသိုလ်ဖွင့်လှစ်သည့်နေ့မှာပင် တက္ကသိုလ်ကျောင်းသား များက သပိတ်မှောက်ကြပြီး ဗြိတိသျှနယ်ချဲ့အစိုးရက  ရန်ကုန်တက္ကသိုလ်ဖွင့်ပွဲကို ၁၉၂၀ ပြည့်နှစ်  ဒီဇင်ဘာလ ၇    ရက်နေ့တွင်   ဖွင့်လှစ်ရန်   ကြေညာလိုက်သည်ကိုပါ အကြောင်းပြု၍ မျိုးချစ်ကောလိပ်ကျောင်းသားကြီးများက ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက် (တနင်္ဂနွေနေ့)၌ ကျောင်းကိုစွန့်ခွာ ပြီး ရွှေတိဂုံဘုရား  အနောက်တောင်ထောင့်တွင်  စတင် စုဝေး  သပိတ်မှောက်ဆန္ဒပြခဲ့ကြသည်။
ထိုကဲ့သို့ အမျိုးသားပညာရေး စတင်ပေါက်ဖွားရန် အတွက်   သပိတ်မှောက်ကျောင်းသားတို့က     မြန်မာ သက္ကရာဇ် ၁၂၈၂ ခုနှစ် နတ်တော်လဆန်း ၇ ရက် (၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၇ ရက်) နံနက် ၁၁ နာရီ ရွှေတိဂုံ ဘုရားအရှေ့ဘက် ဗဟန်းကြားတောရလမ်းရှိ  ဦးအရိယ ကျောင်း၌  သပိတ်စခန်းဖွင့်ကာ  အမျိုးသားကျောင်းကို စတင် ထူထောင်ကြသည်။   “အမျိုးသားပညာရေးအစ ဦးအရိယဘုန်းကြီးကျောင်းက” ဟု ဆိုစမှတ်ဖြစ်ခဲ့သည်။ တစ်နည်းအားဖြင့်        မြို့မအမျိုးသားကျောင်းကြီး သည်လည်း ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် စတင်ပေါ်ပေါက်ခဲ့ရာ ယခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် နှစ်တစ်ရာပြည့်မြောက်တော့မည်      ဖြစ်သည်။    မြို့မ အမျိုးသားကျောင်းကြီး၏ ကျောင်းအုပ်ဆရာကြီးမှာ မြို့မဦးဘလွင်  ( ခေါ်)     ဆရာကြီးဦးဘလွင်ပင်   ဖြစ် သည်။
ရန်ကုန်တက္ကသိုလ်       ကျောင်းသားသပိတ်ကြီး ကြောင့်    အမျိုးသားပညာရေးစနစ်    (National Education) ရုပ်လုံးပေါ်လာခဲ့ပြီးနောက်  မြန်မာပြည် အနှံ့အပြား ကိုယ့်အား ကိုယ်ကိုး “အမျိုးသားကျောင်းများ” (National Schools) ပေါ်ပေါက်လာကာ အမျိုးသားရေး  စိတ်ဓာတ်ပြင်းထန်ကြသူ ကျောင်းသား ကျောင်းသူများ အနက် ဗြိတိသျှနယ်ချဲ့အစိုးရဝန်ထမ်း  မြို့အုပ်ရာထူးမှ နုတ်ထွက်၍   အမျိုးသားကျောင်းဆရာအဖြစ်  ဆရာ ဦးဘချို (ဒီးဒုတ် ဦးဘချို)နှင့် ဆရာလွန်း (ဆရာကြီးသခင် ကိုယ်တော်မှိုင်း) တို့က အမျိုးသားကျောင်းများ စတင် တည်ထောင်ခဲ့ကြသည်။ ထိုဆရာကြီးတို့သည် ဗြိတိသျှ  နယ်ချဲ့အစိုးရက  ပေးထားသော  ကျောင်းဆရာလစာ  ကျပ် ၂၀၀ ကို စွန့်လွှတ်ပြီး  မိမိတို့ကို  စေတနာ  သဒ္ဓါ တရားဖြင့် ထောက်ပံ့ပေးသည့် ငွေကျပ် ၁၅၊ ၂၀ ကျပ် တို့ကိုသာ   ယူကြကာ  အမျိုးသားရေးစိတ်ဓာတ်ကို ဖော်ထုတ်ပြသခဲ့သည်။ 
ယခု မြို့မကျောင်း အဆောက်အအုံသည် ၁၉၂၉  ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး နဝမအကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့နှင့်အတူ မြို့မအမျိုးသားကျောင်း  ကြီးကို အုတ်မြစ်ချ၍  ၁၉၃၁  ခုနှစ် ဒီဇင်ဘာလ ၄ ရက် (မြန်မာသက္ကရာဇ် ၁၂၉၃ ခုနှစ် တန်ဆောင်မုန်းလပြည့် ကျော် ၁၀ ရက် သောကြာနေ့) အမျိုးသားအောင်ပွဲနေ့၌ စတင်ဖွင့်လှစ်ခဲ့ခြင်းပင်  ဖြစ်သည်။   ထိုကဲ့သို့   မြို့မ အမျိုးသားကျောင်းကြီးအပါအဝင် နိုင်ငံအနှံ့  အမျိုးသား ကျောင်းပေါင်း ၉၃ ကျောင်းအထိ ပေါ်ပေါက်လာခဲ့ရခြင်းမှာ အမျိုးသားရေးစိတ်ဓာတ်ကြောင့်ဖြစ်သဖြင့် တစ်မျိုးသား လုံးစိတ်ဓာတ်အစ  အမျိုးသားကျောင်းကဟု မှတ်တမ်း တင်နိုင်ခဲ့သည်။ မြို့မအမျိုးသားကျောင်းကြီးသည် ပင်လျှင်    ဗဟိုနေရှင်နယ်ကျောင်းအဖြစ် အမည်တွင်ခဲ့သည်။
အမျိုးသားကောလိပ်ဖွင့်လှစ်နိုင်ခဲ့
မှတ်တမ်းများအရ မြို့မအမျိုးသားကျောင်းကြီးနှင့် မောင်နှမကျောင်းအဖြစ်  မြို့မအမျိုးသမီးအထက်တန်း ကျောင်းသည် ၁၉၂၀ ပြည့်နှစ် ပထမအကြိမ်  ရန်ကုန် တက္ကသိုလ် ကျောင်းသားကောလိပ်၌ ပါဝင်ခဲ့သူ“မစီ”၏ ကြိုးပမ်းမှုဖြင့် ရန်ကုန်မြို့ ၃၂ လမ်းရှိ  အိမ်တစ်အိမ်ကို  ငှားရမ်းဖွင့်လှစ်ခဲ့သည်။    မစီသည်  စိန်မေရီကျောင်း (ပန်းဘဲတန်း)  မှ   ဆရာမဒေါ်နှင်းလွင်ကို   စည်းရုံး၍ ကျောင်းအုပ်အဖြစ်  တာဝန်ယူစေခဲ့သည်။  ထို့နောက် ၁၉၃၅  ခုနှစ်တွင်  ရန်ကုန်မြို့  ကင့်မ်(Camp)  လမ်းသို့ အိမ်တစ်အိမ်ကို    ငှားရမ်းဖွင့်လှစ်ခဲ့ပြန်သည်။   ထိုမှ တစ်ဆင့် ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ နှစ်ထပ်အဆောက်အအုံ ကို ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ ထို့နောက်  ကိုယ်ထူ ကိုယ်ထ အမျိုးသားကျောင်းများ ပေါ်ထွက်လာပြီးနောက် တက္ကသိုလ် ကျောင်းသားများအတွက်လည်း ရန်ကုန်မြို့၌ အမျိုးသား ကောလိပ်ကိုတည်ထောင်ကာ ကျောင်းသားများ   ပညာ သင်ကြားရေးအတွက် မိဘပြည်သူများက စီမံဆောင်ရွက် ပေးခဲ့ရာ ၁၉၂၁  ခုနှစ် ဩဂုတ်လ၌   ဗဟန်းရွှေကျင်ကျောင်း တိုက်တွင် အမျိုးသားကောလိပ်ကို အောင်မြင်စွာ ဖွင့်လှစ် သင်ကြားနိုင်ခဲ့သည်။ ထိုအမျိုးသား ကောလိပ်တွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊    ဆရာတော်  ဦးဉာဏ၊  ဒီးဒုတ် ဦးဘချိုစသော ပုဂ္ဂိုလ်ကြီးများက ပါမောက္ခ၊ ကထိက ဆရာ ကြီးအဖြစ်ပါဝင်၍ စေတနာ့ဝန်ထမ်းစာပြ ပေးခဲ့ကြသည်။ 
ယင်းကဲ့သို့   အမျိုးသားကောလိပ်နှင့်  အမျိုးသား ကျောင်းများ ပေါ်ပေါက်လာခဲ့ခြင်း၏ အကျိုးကျေးဇူးအဖြစ်  ဗြိတိသျှနယ်ချဲ့အစိုးရက     နည်းမျိုးစုံဖြင့်   ကန့်သတ် ထားခဲ့သော မြန်မာစာ၊ မြန်မာမှုနှင့် အမျိုးသားဇာတိမာန်များ နိုးကြားတက်ကြွစေသော    ရာဇဝင်၊     ဇာတ်နိပါတ်တို့ကို အဆိုပါကျောင်းများ၌ သင်ကြားခွင့်ရခဲ့သည်။ ထို့ကြောင့် ရှိရင်းစွဲ အမျိုးသားရေးစိတ်ဓာတ်များသည် ပို၍ပို၍ကြီးထွား လာခဲ့သဖြင့် လူငယ်များ၏ မျိုးချစ်စိတ်ဓာတ်အရှိန်အဟုန် မှာ  မြင့်မားလာခဲ့သည်။ ထိုကဲ့သို့ အမျိုးသားရေးစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်များ    ပိုမိုမြင့်မားလာခဲ့သည်နှင့်အညီ “မြန်မာစာသည်...ဒို့စာ”၊ “မြန်မာစကားသည်...ဒို့စကား”၊ “မြန်မာပြည်သည်...ဒို့ပြည်” ဟူသော ကြွေးကြော်သံများဖြင့် ပြည်ထောင်စုဖွားတိုင်းရင်းသား မြန်မာ့မျိုးချစ်လူငယ်များစွာ မွေးထုတ်နိုင်ခဲ့သည်။ 
အမျိုးသားရေးစိတ်ဓာတ်ဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို တည်ဆောက်စို့
အမျိုးသားရေးစိတ်ဓာတ်သည်     စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ ပေါင်းစည်းခြင်း၊  အနစ်နာခံ  စွန့်လွှတ်ခြင်း တို့အပေါ်တွင်     အခြေခံထားသည်။     ပြည်ထောင်စုဖွား  တိုင်းရင်းသားအားလုံးသည် အတိတ်သမိုင်းတစ်လျှောက် လုံး ဤအမျိုးသားရေးစိတ်ဓာတ်ဖြင့် နိုင်ငံကို ထူထောင်ခဲ့ကြ သည်။ ပစ္စုပ္ပန်တွင်လည်း ထိုနည်းလမ်းအတိုင်း ဆောင်ရွက်  နေကြသည်။ အထူးသဖြင့် ယနေ့မျက်မှောက်ကာလသည်  အတိတ်သမိုင်းကို သင်ခန်းစာယူ၍ သံသယနှင့် ပဋိပက္ခများ ကင်းစင်ပပျောက်ပြီး  ရေရှည်တည်တံ့သည့်  စစ်မှန်သော ငြိမ်းချမ်းရေးရရှိရန် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၊ ပြည်ထောင်စုဖွား တိုင်းရင်းသားများအားလုံး  တစ်ဦးနှင့် တစ်ဦး၊ နားလည်မှု၊ ယုံကြည်မှုရရှိရေးအတွက် အမျိုးသားရေး စိတ်ဓာတ်နှင့်  ခိုင်မာသော  ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အားလုံးပူးပေါင်းဆောင် ရွက် ခြင်းဖြင့်      ငြိမ်းချမ်းရေး   တိုးတက်ဖြစ်ထွန်းမှုနှင့်အတူ ဒီမိုကရေစီစနစ် ရှင်သန်ဖွံ့ဖြိုးလာမည်ဖြစ်သည်။ 
အထူးသဖြင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံးက   လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလကဲ့သို့ပင်  အမျိုးသားရေးစိတ်ဓာတ်ကိုအခြေခံသည့်   စုပေါင်း အင်အားဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို  တည်ဆောက် သွားရမည်ဖြစ်ပါကြောင်း ရာပြည့်အမျိုးသား အောင်ပွဲ နေ့ကို ဂုဏ်ပြုရေးသားလိုက်ရပါသည်။  ။

ကြေးမုံ