ရှားပါးတောရိုင်းတိရစ္ဆာန်များ၏ ကွန်းခိုရာ အီမောဘွန်း  အမျိုးသားဥယျာဉ်

 

သိန်းညွန့်(PZL)

 

တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ၊ ဂေဟစနစ်များ ရေရှည်တည်တံ့ရေးအတွက် သဘာဝထိန်းသိမ်းရေး နယ်မြေများအဖြစ် သတ်မှတ်တည်ထောင်လျက်ရှိရာ မြန်မာနိုင်ငံတွင်  သဘာဝ ထိန်းသိမ်းရေးနယ်မြေ ၅၇ ခု ရှိပြီဖြစ်သည်။ ယင်းတို့အနက် အီမောဘွန်းအမျိုးသားဥယျာဉ်ကို ၂၀၂၀ ပြည့်နှစ် မတ် ၃၀ ရက်က အီမောဘွန်းအမျိုးသားဥယျာဉ် သဘာဝ ထိန်းသိမ်းရေး နယ်မြေတစ်ခုအဖြစ် အတည်ပြုသတ်မှတ်ခဲ့သည်။

 

အမျိုးသားဥယျာဉ်၏ ဂုဏ်အင်္ဂါကို ဖော်ဆောင်

 

အီမောဘွန်း အမျိုးသားဥယျာဉ်သည် မြန်မာ-တရုတ်နယ်စပ် ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ချီဖွေမြို့နယ်နှင့် ဆော့လော်မြို့နယ်အတွင်း တည်ရှိသည်။ မြေဧရိယာ ၃၈၆၁၇၆ ဧက အကျယ်အဝန်းရှိပြီး တောင်ပေါ်တောအမျိုးအစား ကြွယ်ဝစွာ ပေါက်ရောက်လျက်ရှိသည့် ဒေသတစ်ခု ဖြစ်သည်။ အဆိုပါ အမျိုးသားဥယျာဉ်၌ ရှားပါးမြန်မာနှာလန်မျောက်၊ ရှော့ရစ်မျောက်၊  ပန်ဒါနီ၊  သားမင်း၊  ဝက်ဝံကြီး၊ ကတိုးချေ၊ မလေးဝက်ဝံ၊ အင်းကျား၊ တောင်ဆိတ်နီတို့ အပါအဝင် နို့တိုက်သတ္တဝါ ၅၂ မျိုးကို ရှာဖွေတွေ့ရ သည့့် အနက် ၁၆ မျိုးနှင့် ငှက်မျိုးစိတ် ၄၀၀ ကျော်  တွေ့ရှိသည့် အနက် ၁၄ မျိုးမှာ IUCN အဖွဲ့၏ အနီရောင်အဆင့်  သတ်မှတ်ထားသည့်   မျိုးစိတ်များ စာရင်းတွင် ပါဝင်နေသည်။ ထို့အတူ ဝက်သစ်ချပင်၊ မေဘယ်ပင်၊ တောင်ဇလပ်ပင်၊   ရှားပါးသစ်ခွမျိုးစိတ်များနှင့် တောင်မြင့်ပိုင်း မြက်ခင်းများဖြင့် အမျိုးသားဥယျာဉ် ၏ ဂုဏ်အင်္ဂါကို ဖော်ဆောင်ပေးလျက်ရှိသည်။

 

မြန်မာ့နှာလန်မျောက် မျိုးစိတ်သစ်

အဆိုပါ  အမျိုးသားဥယျာဉ်တွင်   အဓိက ကာကွယ်ထားသည်မှာ မြန်မာနိုင်ငံ၌ ရှားပါးမျိုးစိတ် ဖြစ်သော မြန်မာ့နှာခေါင်းလန်မျောက် မျိုးစိတ်သစ် နှင့် အခြားတောရိုင်းတိရစ္ဆာန်များ နေထိုင်ကျက်စား ခိုလှုံရာ သဘာဝတောတောင်ရေမြေတို့ ဖြစ်သည်။

 

မြန်မာနှာလန်မျောက် မျိုးစိတ်သစ်ကို အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးအဖွဲ့ (IUCN)က မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသော မျိုးစိတ်အဖြစ်သတ်မှတ်ထားသည်။ ကမ္ဘာပေါ်တွင် မျောက်မျိုးစုပေါင်း ၇၀ ကျော်ခန့်ရှိသည့်အနက်မှ နှာလန်မျောက်မျိုးစုသည်  အရှားပါးဆုံးနှင့် မျိုးသုဉ်း ပျောက်ကွယ်ရန်အန္တရာယ်နှင့် ကြုံတွေ့နေရသော မျိုးစုဖြစ်သည်။ နှာလန်မျောက် ငါးမျိုးရှိပြီး ၎င်းတို့မှာ ရွှေရောင်နှာလန်မျောက်၊ မီးခိုးရောင် နှာလန်မျောက်၊ ယူနန်နှာလန်မျောက်၊ တုံကင်းနှာလန်မျောက်၊ မြန်မာနှာလန်မျောက်မျိုးစိတ်သစ်တို့ ဖြစ်သည်။ 

 

တရုတ်နိုင်ငံတွင် ရွှေရောင်နှာလန်မျောက်၊ မီးခိုးရောင်နှာလန်မျောက်နှင့် ယူနန်နှာလန်မျောက် ကိုတွေ့ရပြီး  တရုတ် - ဗီယက်နမ် နှစ်နိုင်ငံ  နယ်စပ် တွင်  တုံကင်နှာလန်မျောက်ကို   တွေ့ရှိရသည်။

 

အကောင်ရေ ၃၃၀ ခန့်သာ ကျန်ရှိ

 

Rhinopithecus Strykeri  ဟု  သိပ္ပံအမည်ရှိသည့် မြန်မာနှာလန်မျောက် မျိုးစိတ်သစ်ကိုမူ ၂၀၁၀ ပြည့်နှစ်က မြန်မာ-တရုတ်နယ်စပ် ကချင်ပြည်နယ် အီမောဘွန်းအမျိုးသားဥယျာဉ်၌ တွေ့ရှိမှတ်တမ်း တင်နိုင်ခဲ့ပြီး ခန့်မှန်းအကောင်ရေ   ၃၃၀   ခန့်သာ ကျန်ရှိတော့သည်။

 

မြန်မာနှင့်  တရုတ်နိုင်ငံ   အစိုးရတို့အနေဖြင့် မြန်မာနှာလန်မျောက် မျိုးစိတ်သစ်ကို   ထိန်းသိမ်း စောင့်ရှောက်နိုင်ရေးအတွက် မြန်မာနိုင်ငံတွင် အီမောဘွန်းအမျိုးသားဥယျာဉ်၊ တရုတ်နိုင်ငံတွင်   နွီကျန်း တော်ဝင်   တောင်ကြား အမျိုးသားဥယျာဉ်တို့ကို ကာကွယ်စောင့်ရှောက်ရေး နယ်မြေသစ်များအဖြစ် သတ်မှတ်ခဲ့ကြသည်။

 

အရှေ့ဟိမဝန္တာဒေသများ၊ မြန်မာနိုင်ငံရှိ  ကချင်ပြည်နယ် အီမောဘွန်းအမျိုးသားဥယျာဉ်နှင့် တရုတ် နိုင်ငံရှိ ယူနန်ပြည်နယ် ဒေသများအတွင်း သွားလာကျက်စားရှင်သန်နေကြသော မြန်မာနှာလန် မျောက်များနှင့် အခြားတောရိုင်းတိရစ္ဆာန်များသည်   အမဲလိုက်ခြင်း၊  တောရိုင်းတိရစ္ဆာန်များ တရားမဝင် ရောင်းဝယ်ဖောက်ကားခြင်း၊ တရားမဝင်သစ်ပင် ခုတ်လှဲခြင်းနှင့် သစ်တော ပြုန်းတီးခြင်းများကြောင့်  ရေရှည်ရှင်သန်ရပ်တည်ရန် ပြင်းထန်စွာခြိမ်းခြောက် ခံနေရသည်။

 

မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိနေ

 

ထို့ကြောင့် အီမောဘွန်း  အမျိုးသားဥယျာဉ်အတွင်း   နေထိုင်ကျက်စားသော  မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိနေသည့်   ရှားပါးမြန်မာ   နှာလန်မျောက်  မျိုးစိတ်သစ်နှင့်အတူ   အခြားတောရိုင်း တိရစ္ဆာန်များ ရေရှည်ရှင်သန်ရပ်တည်နိုင်ရေး တတ်နိုင်သမျှ ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ကြရမည် ဖြစ်ပါကြောင်း တိုက်တွန်းရေးသားအပ်ပါသည်။