၂၄ ဒီဇင်ဘာ
မန်ယူအသင်း အနေနဲ့ ရာသီအစ ကတည်းက ဖလားများကိုင်မြှောက်ရန် ရည်မှန်းထားပြီးဖြစ်ကြောင်း ကာရာဘောင်ဖလား ကွာတားဖိုင်နယ်မှာ အဲဗာတန်ကို မန်ယူအသင်းက နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီးနောက် မန်ယူအသင်းခေါင်းဆောင် မက်ဂွိုင်းယားက ပြောကြားခဲ့ပါတယ်။
အဲဗာတန်ရဲ့ အိမ်ကွင်း ဂွတ်ဒီဆင်ပတ်မှာ ကစားခဲ့ရတဲ့ ယခုပွဲမှာ အဲဗာတန်ရော မန်ယူအသင်းရောဟာ ခံစစ်၊ တိုက်စစ် မျှတဖို့အတွက် ၄-၂-၃-၁ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပါတယ်။ မန်ယူက ကာဗာနီနဲ့ မာတီယဲလ်တို့ရဲ့ နောက်ကျ ဂိုးတွေနဲ့အတူ အိမ်ရှင်အသင်းကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့တာကြောင့် ဆီမီးဖိုင်နယ်မှာတော့ မြို့ခံပြိုင်ဘက် မန်စီးတီးနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။
မန်ယူနည်းပြ ဆိုးလ်ရှားကတော့ မာတီယဲလ်နဲ့ ရက်ရှ်ဖို့ဒ်ကို ပွဲထွက်လူစာရင်းမှာ မထည့်ခဲ့ဘဲ အနိုင်ဂိုးရဖို့ လိုအပ်နေချိန်မှာ ဒီကစားသမားနှစ်ဦးလုံးကို ထည့်သွင်းပြီး ကစားကွက်ကိုလည်း ၄-၃-၃ ပြောင်းလဲခဲ့ပါတယ်။ ဆိုးလ်ရှားရဲ့ ဆုံးဖြတ်ချက် မှန်ကန်ခဲ့ပြီး ရက်ရှ်ဖို့ဒ်နဲ့ မာတီယဲလ်တို့ ကွင်းထဲ ဝင်လာပြီး မိနစ် ၂၀ အကြာမှာပဲ မာတီယဲလ်ရဲ့ ပေးပို့မှုကတစ်ဆင့် ကာဗာနီက ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့သလို ပွဲကစားချိန် မိနစ် ၉၀ ပြည့်လို့ နာကျင်အချိန်ပိုမှာတော့ ရက်ရှ်ဖို့ဒ်ရဲ့ ဖန်တီးပေးမှုကနေ မာစီယဲလ်က ဒုတိယဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
မန်ယူအသင်းဟာ ယခုပွဲမှာ အနိုင်ရခဲ့တာကြောင့် ပြည်တွင်းပြိုင်ပွဲ ကိုးပွဲဆက် ရှုံးပွဲမရှိ ကစားနိုင်ခဲ့ပြီး ကာရာဘောင်ဖလားမှာ ဆီမီးဖိုင်နယ်၊ ပရီမီယာလိဂ်ဖလားမှာ အဆင့် (၃) နေရာမှာ အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။
နည်းပြ ဆိုးလ်ရှားကတော့ အနိုင်ရလဒ်အတွက် ကျေနပ်ကြောင်း ဆိုခဲ့ပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီကလည်း မန်ယူအသင်းဟာ ပြိုင်ပွဲသုံးရပ်မှာ ဆီမီးဖိုင်နယ်အဆင့်ထိ တက်လှမ်းနိုင်ခဲ့ပေမယ့် ဖလားလက်မဲ့ရာသီ ကြုံတွေ့ခဲ့ရပြီးဖြစ်တာကြောင့် ပွဲတိုင်း အနိုင်ရမှသာ ဖလားကိုင်မြှောက် အောင်ပွဲခံနိုင်မှာဖြစ်ကြောင်း သတိပေး ပြောကြားခဲ့ပါတယ်။
မေလဲ့သင်း