ရာသီစာ အညာမန်ကျည်းရွက်သုပ်

၅ မေ

 


မန်ကျည်းရွက်သုပ်ရယ်လို့ ဆိုသံကြားလိုက်ရုံနဲ့ အညာသူအညာသားတွေ စွဲမက်တဲ့ ရာသီစာဟင်းတစ်ခွက်ဖြစ်တယ်ဆိုတာ အလိုလိုသိကြမှာပါ။ အောက်ပြည်အောက်ရွာတွေမှာ မန်ကျည်းပင်နုရင်မန်ကျည်းရွက်လေးတွေကို အရည်သောက်ဟင်းချိုဟင်းလောက် သာချက်ကြပါတယ်။ အညာဒေသမှာတော့ ကြော်စား၊ ချက်စား၊ သုပ်စားကြတဲ့အပြင် မန်ကျည်းရွက်နုတွေ မန်ကျည်းပွင့်တွေကို နှစ်ပေါက်စားသုံးနိုင်အောင် အိုးလေးတွေနဲ့ သိပ်ပြီးအချဉ်တည်ကာ နှစ်နှစ်သက်သက် စားသုံးကြတာပါ။

 


မန်ကျည်းရွက်ကို အချဉ်သိပ်မယ်ဆိုရင် လတ်လတ်ဆတ်ဆတ်ခူးလာတဲ့ မန်ကျည်းရွက်တွေကို ဆန်ခါထဲထည့်ကာ အပေါ်ကနေ ပွက်ပွက်ဆူရေနွေးနဲ့လောင်းပြီး အအေး ခံထားရပါတယ်။ မန်ကျည်းရွက်တွေ အေးသွားပြီဆိုမှ ပုံမပျက်အောင် ဆားနယ်ပြီး စဥ့်အိုးလေးတွေထဲ ထည့်ပြီး သိပ်ပါတယ်။ ပြီးမှ အပေါ်ကနေ ဖက်ရွက်အုပ်၊ ဝါးခြမ်းပြား ကလေးတွေနဲ့ တင်းနေအောင် ကုပ်နှိပ်ကာ ဆားရည်လောင်းသိပ်ရတာပါ။ တာရှည်ခံ နှစ်ပေါက်စားနိုင်တဲ့ နည်းဖြစ်ပါတယ်။

 


မန်ကျည်းရွက် အညာသုပ်သုပ်မယ်ဆိုရင် လိုအပ်တာတွေက မန်ကျည်းရွက်နု၊ ကြက်သွန်နီ၊ မြေပဲလှော်၊ ပုစွန်ခြောက်မှုန့်၊ ဆားနဲ့ ဆီစိမ်းတို့ပါ။ မန်ကျည်းရွက်နုတွေကို အရိုးရင့်တွေသင် ရေစင်စင်ဆေးပြီး စစ်ထားပါ။ ပြီးမှ မြေပဲဆန်လှော်လေးစိတ်ကွဲထောင်းထည့်၊ ကြက်သွန်နီ ပါးပါးလှီးထည့်၊ ပုစွန်ခြောက် မှုန့်နဲ့ဆားကလေးဖြူး၊ ဆီဆမ်းကာ အားလုံး ရောနယ်ပြီး သုပ်တာပါ။

 


မန်ကျည်းရွက်သုပ်တဲ့အခါ ဆီချက် မသုံးဘဲပဲ ဆီ၊ နှမ်းဆီ ရရာဆီစိမ်းနဲ့သာ သုပ်ရပါတယ်။ မန်ကျည်းရွက်သုပ်နဲ့ လိုက်ဖက်တဲ့ ဟင်းအတွဲအစပ်က ပဲကြီးဟင်းဖြစ်တာမို့ အချို့က မန်ကျည်းရွက်သုပ်တဲ့အခါ မြေပဲ ဆန်အစား ပဲကြီးဟင်းအနှစ်ကလေး ဆမ်းပြီး သုပ်ထားတဲ့ အသုပ်ကလည်း အရသာတစ်မျိုး ထူးပါတယ်။ အိမ်ကို ဆွမ်းခံကြွတဲ့ ရေဦးသား ဦးပဉ္စင်းက သူတို့ရေဦးနယ်ဘက်မှာ နေပူရှိန် ပြင်းတဲ့အခါ ကလေးသူငယ်တွေ ဝမ်းအေး အောင် မန်ကျည်းရွက်သုပ်ကို ရေနဲ့ဖျော်ပြီး တိုက်ပေးတယ်လို့ မိန့်ပါတယ်။

 


မန်ကျည်းရွက်သုပ်ရဲ့ ဂုဏ်ကို ဥတု ဘောဇနဆေးကျမ်းမှာ မန်ကျည်းရွက်သည် နှုတ်ကိုမြိန်စေတတ်၏။ လေ၊ သလိပ်၊ ပိုး၊ အဆိပ်တို့ကို နိုင်၏ရယ်လို့ ဖော်ပြထားပါတယ်။ မန်ကျည်းရွက်နုကလေးတွေဟာ နှုတ်လဲမြိန်၊ ဆေးဖက်လည်းဝင်တာမို့ အခုလို ပေါ်ဦး ပေါ်ဖျားအချိန်တွေမှာ အိမ်ရှင်မအများ ဝယ်ယူ စားသုံးကြဖို့ အကြိုက်များတဲ့ သဘာဝ အော်ဂဲနစ် ဟင်းလျာတစ်မျိုးဖြစ်ကြောင်းပါဗျာ။

 


စံလွင် (ငါးဦးစီး)

 

ewee