မန္တလေး ၅ မေ 

 

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ဗောဓိကုန်းဘုရားအနီးရှိ ထန်းသီးဈေးကွက်တွင် မိတ္ထီလာမြို့နယ်မှ ဝင်ရောက်လာသည့် ထန်းသီးများ အရောင်းအဝယ် သွက်လျက်ရှိကြောင်း သိရသည်။ 

 

အဆိုပါထန်းသီးများကို ယခုရာသီကာလတွင် မိတ္ထီလာမြို့နယ် ထန်းစိုက်တောင်သူများထံမှ မှာယူ၍ ရောင်းချခြင်းဖြစ်ပြီး ထန်းသီးတစ်လုံးလျှင် ၅၀၀ ကျပ်နှုန်း၊ တစ်ထောင်ကျပ်ဖိုး ဝယ်ယူလျှင် သုံးလုံးနှုန်းဖြင့်လည်းကောင်း၊ ထန်းသီးဆံ သီးသန့်ဝယ်ယူလိုသူများအတွက် တစ်ထောင်ကျပ်ဖိုးလျှင် ၅ ဆံမှ ၆ ဆံအထိ ရောင်းချပေးနေကြောင်း သိရသည်။

 

“နှစ်စဉ် ဗောဓိကုန်းဘုရားပွဲတော်မှာ မိတ္ထီလာက လာရောင်းတဲ့ ထန်းစိုက်တောင်သူတွေနဲ့အတူ ထန်းသီးတွေ ရောင်းပါတယ်။ အရင်နှစ်တွေကတော့ ညောင်ရေသွန်းပွဲတော်နဲ့အပြိုင် ထန်းသီးဈေးသည်တွေ စည်းကားပါတယ်။ ဒီနှစ်မှာတော့ ကိုဗစ် - ၁၉ ရောဂါအခြေအနေကြောင့် ဗောဓိကုန်းဘုရားရဲ့ ညောင်ရေသွန်းပွဲတော် မကျင်းပတော့တဲ့အပြင် မိတ္တီလာက ထန်းသီးရောင်းတဲ့သူတွေလည်း သွားလာနေထိုင်ရေး အခက်အခဲကြောင့် လာရောက်ရောင်းချမှု မရှိကြတော့ပါဘူး။ ကျွန်မက မန္တလေးမှာနေတဲ့အတွက် သူတို့ဆီက ထန်းသီးတွေကို ကားကြုံနဲ့ပို့ခိုင်းပြီး ရောင်းချနေတာပါ။ ရောင်းအား အခြေအနေကတော့ အရင်နှစ်တွေလိုပဲ နေ့စဉ် တစ်သိန်းဖိုးလောက် ရောင်းရပါတယ်။ ကျွန်မတို့ မန္တလေးမှာ ထန်းသီးဆံကို ရာသီစာအဖြစ် နှစ်သက်စွာ စားသုံးသူ များပြားပါတယ်”  ဟု ထန်းသီးရောင်းချသူ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အောင်သာယာ ရပ်ကွက်မှ ဒေါ်ဇင်မာက ပြောသည်။

 

ထန်းသီး တစ်ခိုင်လျှင် ထန်းသီးအလုံးရေ ၁၈ လုံးမှ ၂၅ လုံးအထိ ထွက်ရှိပြီး အလုံးရေပေါ်မူတည်၍ တစ်ခိုင်လျှင် ငွေကျပ် ၅၀၀၀ မှ ၈၀၀၀ ကျပ်နှုန်းအထိ ရောင်းချရကြောင်း၊ ယခင်နှစ်များက ထန်းသီးပေါ်ချိန်တွင် လားရှိုး၊ မူဆယ်၊ ဖားကန့်နှင့် ပြင်ဦးလွင်မြို့များမှ အခိုင်လိုက် လာရောက်ဝယ်ယူမှုများရှိကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)